၁၀. ၇. ၂၀၂၅
Written by Hey Mar
အမျိုးသမီးငယ်တစ်ဦး ဓားဒဏ်ရာတွေနဲ့ စွန့်ပစ်ခံထားရတာကို တာဝန်သိပြည်သူတချို့က သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားလို့ အသက်ရှင်လျက် ကူညီကယ်ဆယ်နိုင်ခဲ့တဲ့ ဖြစ်စဉ် ဇူလိုင်လ ၈ ရက်နေ့က မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ပျော်ဘွယ်မြို့အနီးမှာ ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်မှာတော့ အဆိုပါအမျိုးသမီးက မန္တလေးဆေးရုံကြီးမှာ လွှဲပြောင်း တက်ရောက်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်း ၈ နာရီ ဝန်းကျင်အချိန်ခန့်က ရန်ကုန်ဘက်အခြမ်း၊ ပျော်ဘွယ်မြို့အထွက် တံတားအောက် ချောင်းဘေးမှာ အမျိုးသမီးတစ်ဦး ဒဏ်ရာတွေနဲ့ အလောင်းစွန့်ပစ်ခံထားရသဖွယ် တွေ့ရှိရတာကြောင့် တာဝန်သိပြည်သူက သက်ဆိုင်ရာကို ဆက်သွယ်ရာမှာ သက်ဆိုင်ရာက ရောက်ရှိစဉ် အသက်မသေသေးတဲ့အတွက် ပျော်ဘွယ်ဆေးရုံကြီးဆီ တင်ပို့ကုသနိုင်ရေး အချိန်နဲ့တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မိတ္ထီလာအခြေစိုက် လူမှုကူညီရေးအသင်းက “ဆိုင်ကယ်နဲ့ လက်စွပ်လုပြီး ကောင်မလေးကို သေပြီအထင်နဲ့ ဒဏ်ရာတွေနဲ့ ပစ်ခဲ့တာ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်တာလဲတော့ မသိဘူး။ ကာယကံရှင်ကို ရဲက မေးလို့မရသေးဘူး။ ဒဏ်ရာတွေက များတယ်။ ခါးထိထားတယ်။ မလှုပ်နိုင်ဘူး။ ဦးခေါင်း ငယ်ထိပ် အခုတ်ခံရတဲ့ ဒဏ်ရာလိုမျိုး။ မျက်လုံး ဘယ်ဘက်ခြမ်း ဖူးယောင်ကွဲပြဲ ထိခိုက်ထားတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လုယက်ခံရသူ အမျိုးသမီးငယ်က မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်ရှိ အရက်ချက်စက်ရုံမှ မန်နေဂျာတစ်ဦးလို့လည်းသိရှိရပြီး မိသားစုဝင်တွေ ပြောပြချက်အရ ဆိုင်ကယ် ထိုင်းဘီး Wave အမျိုးအစား ခဲရောင်၊ လက်စွပ်တစ်ကွင်းနဲ့ ပိုက်ဆံအိတ် ပါသွားတယ်လို့လည်း သိရပါတယ်။
သူမကို စွန့်ပစ်ထားတာက လုယက်တဲ့နေရာတော့ ဟုတ်မဟုတ် ဆိုတာနဲ့ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်ပျက်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ကာယကံရှင် သတိပြန်မရသေးတဲ့အတွက် အတိကျမသိရှိရသေးဘဲ လူနာကို ပျော်ဘွယ်
ဆေးရုံကြီးကနေ မိတ္ထီလာဆေးရုံကြီးဆီ လွှဲပြောင်းပြီး မနေ့က အားချင်း မန္တလေးပြည်သူ့ဆေးရုံဆီ ထပ်မံလွှဲပြောင်းခဲ့တဲ့အတွက် ဝန်ဇင်းလူငယ်အသင်းကပဲ လိုက်လံပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
