သတိုး
၁၀. ၇. ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရတစ်ဖြစ်လည်း မြန်မာ့တပ်မတော်အစိုးရသည် မိတ်ဆွေနိုင်ငံများမှ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းသစ်များ စတင်လုပ်ဆောင်လျက်ရှိပြီး ထိုနိုင်ငံများက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများက စီးပွားရေးအခွင့်အလမ်းသစ်များပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုင်းနိုင်ငံ၏ Gulf Petroleum Myanmar တို့သည် မြန်မာ့တပ်မတော်အစိုးရလက်အောက် ပထမဆုံးသော သဘာဝဓာတ်ငွေ့လုပ်ကွက်သစ် ဖော်ဆောင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ကမ်းလွန်လုပ်ကွက် မင်းရဲသူစီမံကိန်းနှင့် သက်ဆိုင်သည့် ယင်းသဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံမှ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ၂၀၂၈ ခုနှစ်တွင် ဓာတ်ငွေ့စတင်ထုတ်လုပ်ရန် တိုက်တွန်းခဲ့သည်။
ထိုင်းနိုင်ငံမှ စွမ်းအင်လုပ်ငန်းအုပ်စု PTT သည်လည်း ၎င်း၏ လုပ်ငန်းခွဲတစ်ခုမှတစ်ဆင့် MOGE နှင့် ဧပြီလတွင် သီးခြားကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်တစ်ခု၏ ထုတ်လုပ်မှုကို တိုးချဲ့ရန် ကနဦးသဘောတူညီချက် ရရှိခဲ့သည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်မှ အာဏာထိန်းသိမ်းပြီးနောက် နိုင်ငံတကာလုပ်ငန်းစုကြီးများသည် မြန်မာနိုင်ငံရှိ ဓာတ်ငွေ့စီမံကိန်းများမှ ထွက်ခွာခဲ့ကြသည်။ ၎င်းတို့တွင် Chevron နှင့် မလေးရှား၏ Petronas တို့ ပါဝင်သည်။ ထို့အတူ မြန်မာ့တပ်မတော်မှ ထိန်းချုပ်ထားပြီး လက်ရှိအစိုးရအတွက် ရန်ပုံငွေရင်းမြစ်တစ်ခုအဖြစ် ဆောင်ရွက်နေသည်ဆိုကာ MOGE ကိုလည်း အမေရိကန်နှင့် ဥရောပတို့က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။
သို့သော် ထိုင်းကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် ဦးတည်ပြောင်းလဲလာကြပြီး မြန်မာနိုင်ငံသည် ထိုင်း၏ဓာတ်ငွေ့လိုအပ်ချက်များ ပြည့်မီစေရန် အဓိကကျသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရသည်။
တရုတ်လုပ်ငန်းများသည်လည်း နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံတွင် ခိုင်မာသော မြှုပ်နှံမှုများနှင့် တည်ရှိသည်။ တရုတ်နိုင်ငံပိုင် China National Petroleum Corp. သည် မြန်မာ့တပ်မတော်အစိုးရနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) လုပ်ငန်းသစ်နှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိမည်ဟု ခန့်မှန်းရပြီး တရုတ်အစိုးရသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မြန်မာ့တပ်မတော်သည် တရုတ်နိုင်ငံအပေါ် အလွန်အကျွံမှီခိုမှုကို ရှောင်ရှားရန် ရုရှားနှင့် ဆက်ဆံမှုများ ပြုလုပ်နေသည်။ မြန်မာနှင့် ရုရှားအာဏာပိုင်များသည် ဇွန်လတွင် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေး အစီအစဉ်အရ မြန်မာနိုင်ငံက ရုရှားနိုင်ငံပိုင် Rosatom ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်အပြည့်ဖြင့် စတင်တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် လာမည့် ဒီဇင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် မျှော်မှန်းထားသည်။ ထိုင်း၊ တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာမည့် စီးပွားရေးပတ်ဝန်းကျင်သစ်တွင် အခွင့်အလမ်းသစ်များကို မျှော်လင့်နေကြသည်။
ရွေးကောက်ပွဲများသည် တပ်မတော်အာဏာထိန်းသိမ်းပြီးနောက် ချမှတ်ထားသည့် အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိမ့်မည်ဖြစ်သည်။ ရွေးကောက်ပွဲများ အမှန်တကယ် ဒီမိုကရေစီဆန်သည်ဖြစ်စေ၊ မဆန်သည်ဖြစ်စေ မြန်မာနိုင်ငံတွင် တပ်မတော်နှင့် ဆက်စပ်သည့်အဖွဲ့အစည်းများ ပိုမိုအားကောင်းလာမည်ဟု တပ်မတော်အစိုးရနှင့် နီးစပ်သည့် ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အနောက်နိုင်ငံများမှ သီးခြားဖြစ်နေပုံရသော်လည်း ဒေသတွင်း ပေါ်ထွက်လာသော အင်အားကြီးနိုင်ငံများအတွက် အလားအလာရှိသော စီးပွားရေးနယ်ပယ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ BRICS မဟာမိတ်အဖွဲ့ဝင် ၁၀ နိုင်ငံအနက် ၈ နိုင်ငံသည် မြန်မာ့တပ်မတော်အစိုးရကို ထိထိရောက်ရောက် အသိအမှတ်ပြုထားပြီးဖြစ်သည်။
ဥရောပမှ လုပ်ငန်းအချို့သည် တပ်မတော်နှင့် ဆက်နွှယ်နေသော ကုမ္ပဏီများကို စားသုံးသူများ သပိတ်မှောက်နေချိန်တွင် တပ်မတော်နှင့် မပတ်သက်ဘဲ မြန်မာနိုင်ငံတွင် ဆက်လက်တည်ရှိနေခြင်း၏ အကျိုးကျေးဇူးများကို ရရှိနေကြသည်။ Heineken နှင့် Carlsberg တို့သည် ပြည်တွင်းပြိုင်ဘက်များကို ကျော်တက်၍ မြန်မာ့ဘီယာဈေးကွက်တွင် ပေါင်းစည်းထားသော ရှယ်ယာအများစုကို ထိန်းချုပ်ထားပုံရသည်။
သို့သော် ဂျပန်ချေးငွေဖြင့် တည်ဆောက်ထားသော ဆိပ်ကမ်းစီမံကိန်းကို လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီများအဖွဲ့သည် မကြာသေးမီက ယင်းစီမံကိန်းမှ နုတ်ထွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းသည် ဂျပန်၏အကျိုးစီးပွားများ မြန်မာနိုင်ငံမှ နုတ်ထွက်ခြင်းက ရပ်ဆိုင်းသွားပြီဟု ထင်မြင်နေဆဲအချိန်တွင်ဖြစ်သဖြင့် အနောက်နိုင်ငံများနှင့် တရုတ်-ရုရှား အုပ်စုတို့နှင့် ကွဲပြားသော ကြားခံအနေအထားဟု မိမိကိုယ်ကိုယ် ရှုမြင်နေသည့် ဂျပန်နိုင်ငံသည် လာမည့်ရွေးကောက်ပွဲအပြီး မြန်မာ့စီးပွားရေးအသွင်သစ်တွင် နောက်ကျ ကျန်ခဲ့နိုင်ဖွယ် ရှိသည်။
Ref, Nikkei Asia

