၁၀. ၇. ၂၀၂၅
Written by Nyein Kyaw
ယခုဘဏ္ဍာနှစ်တွင် တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ) မျိုးဗီဇဓာတ်ခွဲခန်းမှ မွေးမြူရေးနွားကောင်ရေ ၃၀၀ ၏ မျိုးဗီဇများကို စစ်ဆေးပြီး မျိုးရေခဲချောင်း ၁၅၂,၀၀၀ ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ)ရှိ မျိုးဗီဇဓာတ်ခွဲခန်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် မျိုးရေခဲချောင်းထုတ်လုပ်ရေး ဓာတ်ခွဲခန်းလုပ်ငန်း၊ မျိုးနွားမွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာမြက်အမျိုးမျိုးစိုက်ပျိုးထားရှိမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်စစ်ဆေးစဉ် ဓာတ်ခွဲခန်းလုပ်ငန်းမှရရှိလာသည့် သုတေသနမှတ်တမ်းမှတ်ရာများ စနစ်တကျထားရှိရေးနှင့် သုတေသနတွေ့ရှိချက်များကို မျိုးဆက်သစ်ပညာရှင်များထံ လက်ဆင့်ကမ်းမျှဝေအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ) မျိုးဗီဇဓာတ်ခွဲခန်းတွင် မွေးမြူရေးနွားကောင်ရေ ၃၀၀ ၏ မျိုးဗီဇများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး မျိုးရေခဲချောင်း ထုတ်လုပ်ရေးဓာတ်ခွဲခန်းလုပ်ငန်းအနေဖြင့် မျိုးရေခဲချောင်း ၁၅၂,၀၀၀ ထုတ်လုပ်ဖြန့်ဖြူးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
