၁၀. ၇. ၂၀၂၅
Translated by Thettant
အရင်က UFC တိုက်ခိုက်ရေးသမား Ben Askren ဟာ ပြင်းထန်ဘက်တီးရီးယားပိုးဝင်ပြီးနောက်မှာ နမိုးနီးယားဖြစ်ကာ အဆုတ်နှစ်ခြမ်းစလုံး တစ်ပြိုင်နက်လဲဖို့ လိုအပ်ခဲ့ပြီး ဒီအဆုတ်နှစ်ခြမ်း မလဲမီအချိန်မှာ သူဟာ လေးကြိမ်သေဆုံးခဲ့ရတယ်လို့ ပြောဆိုပါတယ်။
အသက် ၄၀ နှစ်အရွယ် Askren ဟာ Staphylococcus (စတက်ဖီလိုကော့ကပ်စ်) ခေါ် ဘက်တီးရီးယားပိုးဝင်ပြီးနောက်ပိုင်း နမိုးနီးယားဖြစ်ပွားခဲ့ပုံကို လုံးဝမှတ်မိခြင်းမရှိခဲ့ဘူးလို့လည်းဆိုခဲ့ပေမယ့် လက်ရှိမှာတော့ “အခက်အခဲတွေကနေ ကျော်လွှားလာနိုင်ခဲ့ပြီ”လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ UFC မှာ ထိုးသတ်ပြီးနောက်ပိုင်း MMA ကစားသမားဘဝက အနားယူခဲ့တဲ့ Askren ဟာ ဇွန်လမှာ ဝစ္စကွန်ဆင်ပြည်နယ်က ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပြီး အသက်ရှုစက်တပ်ဆင်ကာ အဆုတ်နှစ်ခြမ်းစလုံး အစားထိုးကုသဖို့ စာရင်းသွင်းခဲ့ရပါတယ်။
ဆေးရုံခုတင်ပေါ်ကနေ ပြောလာတဲ့ Instagram ဗီဒီယိုတစ်ခုမှာ Askren က သူဟာ ၄၅ ရက်အတွင်း ပေါင် ၅၀ (၂၂ ဒသမ ၇ ကီလိုဂရမ်ကျော်) ကျသွားခဲ့တယ်လို့ ပြောခဲ့သလို နမိုးနီးယားကူးစက်ခံရတဲ့အဖြစ်အပျက်ကို သူဘာမှ မမှတ်မိခဲ့ဘူးလို့ ပြောပါတယ်။
“မေလ ၂၈ ရက်ကနေ ဇူလိုင် ၂ ရက်နေ့အထိ ဘာဖြစ်ခဲ့တယ်ဆိုတာ ဘာမှမမှတ်မိလို့ ကျွန်တော့်ဇနီးရဲ့ မှတ်တမ်းကို ဖတ်ကြည့်ခဲ့ရတာ” လို့ ဗုဒ္ဓဟူးနေ့မှာ Askren က ပြောခဲ့ပါတယ်။
“ဇနီးက ရေးမှတ်ထားတဲ့ ကုသမှုမှတ်တမ်း (Personal Journal) ဖတ်ကြည့်တော့ ရုပ်ရှင်တစ်ကားလိုပဲ။ ကျွန်တော် လေးကြိမ်တောင် သေခဲ့ရတာ။ နှလုံးခုန်နှုန်းက စက္ကန့် ၂၀ လောက် ရပ်သွားခဲ့တယ်။”လို့ Askren က သူ အပြင်းအထန်ဝေဒနာခံစားရပြီး နှလုံးရပ်သွားတဲ့အကြိမ်တွေကို သေဆုံးမှုနဲ့ ခိုင်းနှိုင်းပါတယ်။
ဒါ့အပြင် “မနေ့ကမှ ကျွန်တော့်ကိုယ်အလေးချိန်ကို တိုင်းကြည့်တာ ပေါင် ၁၄၇ ရှိတယ်။ ကျွန်တော့်အသက် ၁၅ နှစ်သားတုန်းကတောင် ပေါင် ၁၄၇ အထိ မကျဖူးဘူး”လို့ Askren က ၄၅ ရက်အတွင်း ပေါင် ၅၀ အထိ ကျခဲ့ရတဲ့ ဝေဒနာပြင်းထန်မှုကို ပြောပြပါသေးတယ်။
Askren ဖြစ်ပွားတဲ့ ရောဂါက Staphylococcus ဘတ်တီးရီးယားပိုးဝင်ရာက နမိုးနီးယားဖြစ်ပြီး အဆုတ်နှစ်ခြမ်းစလုံးပျက်စီးခဲ့ရတာပါ။ အင်မတန်ဆိုးရွားပြင်းထန်တဲ့ ဒီဖြစ်ရပ်ကြောင့် Askren ဟာ အဆုတ်နှစ်ခြမ်းစလုံး လဲခဲ့ရပြီး ဒီလိုမျိုး တစ်ပြိုင်နက်လဲရတဲ့ဖြစ်စဥ်တွေက ခက်ခဲရှုပ်ထွေးပြီး အန္တရာယ်များတဲ့ ခွဲစိတ်မှုကြီးပါ။ ဒီကုသမှုအတွင်းမှာ အသက်ရှုရပ် သတိပြန်မလည်တဲ့ Askren ကို သေဆုံးသွားပြီလို့တောင် လူသိများထင်ရှားသူတွေက လူမှုကွန်ရက်မှာ ရေးသားခဲ့ကြသေးတာပါ။
၂၀၂၁ ခုနှစ်မှာ Askren ကို အနိုင်ရခဲ့တဲ့ လူမှုကွန်ရက်ထင်ရှားသူ လက်ဝှေ့သမား Jake Paul က ပြီးခဲ့တဲ့အပတ်မှာ Askren ပြန်လည်ကောင်းမွန်ရေးအတွက် လှူဒါန်းပေးကြဖို့ အများပြည်သူကို တောင်းဆိုခဲ့ပါသေးတယ်။
သေမင်းနှုတ်ခမ်းဝက ကျော်လွန်လာနိုင်တဲ့ Askren က ပရိသတ်တွေနဲ့ နပန်းအသိုင်းအဝိုင်းက ပို့သတဲ့ကရုဏာတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး သူကျန်းမာကြံ့ခိုင်လာဖို့အရင်ကထက် ပိုမိုလှုံ့ဆော်ခံရတယ်လို့ ဆိုခဲ့သလို “ကျွန်တော့်ကို အများကြီး သက်ရောက်မှုရှိတာက လူတိုင်းဆီကနေ ရရှိတဲ့ မေတ္တာတွေပါပဲ” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် လူကောင်းပကတိကနေ သေလုမြောပါးခံစားလိုက်ရပြီး အဆုတ်နှစ်ခြမ်း အရေးပေါ်လဲရတဲ့သူဖြစ်စဥ်နဲ့ နှလုံးလေးကြိမ်ရပ်ပြီးမှ ပြန်လည်နိုးထလာတဲ့ သူ့ဖြစ်အင်အပေါ် “ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဈာပနကို ကိုယ်တိုင်တက်ရသလိုပါပဲ၊ ဟုတ်တယ်မလား”လို့ ပြောခဲ့ပြီး Askren ရဲ့ ဇနီး Amy ကလည်း သူမခင်ပွန်းဟာ အခုလိုမဖြစ်မီငါးပတ်အလိုအထိ Askren က လုံးဝကျန်းမာနေခဲ့သူပါလို့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။
Askren နဲ့ Amy တို့မှာ သားသမီးသုံးဦးရှိပြီး Askren ဟာ သူ့မျိုးဆက်မှာ အကောင်းဆုံး အမေရိကန်နပန်းသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသလို Bellator နဲ့ One Championship မှာ ဝယ်တာဝိတ်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ Askren ဟာ ၂၀၁၉ ခုနှစ်မှာ UFC ကို မမျှော်လင့်ဘဲ ပြောင်းရွှေ့ခဲ့ပေမဲ့ ပွဲ ၂၀ လုံး မရှုံးဖူးသေးတဲ့ စံချိန်တင်ထားသူပါ။
“ခွန်အားတွေ တော်တော်လေး ရလာပြီး အရာအားလုံးကို ပြန်လည်အသုံးပြုတတ်အောင် သင်ယူနေပြီ”လို့လည်း သေရွာပြန် Askren က ပြောကြားခဲ့ပါသေးတယ်။
Ref, BBC


