◾ ဂျက် (ကွမ်းခြံကုန်း) အမည်ဖြင့် သရော်စာများရေးခဲ့သူ စာရေးဆရာ မောင်သာချိုလည်း ဆုံးပါး

၁၀. ၇. ၂၀၂၅
Written by Nay Moe ၊ Thiha
ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဆရာတော် အရှင်ပညာသီဟ ခေါ် ရွှေညဝါဆရာတော်သည် ဇူလိုင် ၁၀ ရက်ကူးစ ညသန်းခေါင်ကျော်အပြီး နံနက် ၂ နာရီ ၄၅ မိနစ်တွင် ကံတော်ကုန်လွန်ခဲ့သည်။
ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၆၁ နှစ်၊ ဝါတော် ၄၀ (ဝီကီပီဒီးယားတွင် ၂၇ ဝါဟု ဖော်ပြ) ရှိပြီး ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ အသည်းရောဂါဖြင့် လွန်တော်မူခဲ့ခြင်းဖြစ်သည်။
ရွှေညဝါဆရာတော်သည် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်မှ ကျောင်းထိုင် နာယက ဖြစ်ခဲ့ပြီး ဆရာတော်သည် အစိုးရ ဓမ္မစရိယ၊ ပါရဇိကဏ်ကျမ်းစွဲအောင်မြင်ခဲ့သလို အမျိုးသားဓမ္မာစရိယ စာမေးပွဲတွင် သာသနာပါလဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။
ရွှေညဝါဆရာတော်သည် နိုင်ငံရေးလှုပ်ရှားမှုအချို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်း၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် (၂)နှစ် ချမှတ်ခြင်းခံခဲ့ရသော်လည်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် မန္တလေးငလျင်ဘေးတွင် ရွှေညဝါ လောကပါလ သာသနာ့ပါလပရဟိတအဖွဲ့ကို ဦးဆောင်တည်ထောင်ကာ ပြည်သူများကို ကျပ် သိန်းထောင်ချီ ကူညီခဲ့သည်။
လက်ရှိအချိန်တွင်မူ ဆရာတော်၏ ကြွင်းရစ်သောရုပ်ကလာပ်ကို အာရှတော်ဝင်ဆေးရုံမှ သီတင်းသုံးရာ မှော်ဘီ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်သို့ ပင့်ဆောင်ခဲ့ပြီး စျာပနအစီအစဥ်များကို ကျောင်းတိုက်က ဆက်လက်ဖော်ပြပေးမည်ဟုလည်း သိရသည်။
ထို့နည်းတူ ဂျက် (ကွမ်းခြံကုန်း) အမည်ဖြင့် သရော်စာများရေးခဲ့သူ စာရေးဆရာ မောင်သာချိုလည်း ယနေ့နံနက် ၈ နာရီခန့်တွင် ပင်လုံဆေးရုံကြီး၌ ဆုံးပါးသွားခဲ့ပြီဖြစ်သည်။
မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်သော အမည်ရင်း ဦးညွန့်သောင်းပိုင်ရှင် မောင်သာချိုမှာ ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး ယင်းသည်လည်း ရွှေညဝါဆရာတော်ကြီးနှင့်အတူ ဖမ်းဆီးခံရကာ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်ချိန်လည်း တူညီကာ လွန်ကြသည့်နေ့လည်း တူညီခဲ့သည်။
