◾ လေးလကျော်အတွင်း သုံးစီးမြောက်ပျက်ကျခြင်းဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာ အသုံးပြုနေသည့် ဂျက်ဂွါ တိုက်ခိုက်ရေးလေယာဥ်များ၏ ကြံခိုင်မှုအပေါ် မေးခွန်းထုတ်

၉. ၇. ၂၀၂၅
Translated by Thettant
အိန္ဒိယလေတပ်၏ ဂျက်ဂွါတိုက်လေယာဉ်တစ်စင်းသည် ယနေ့ ဗုဒ္ဓဟူးနေ့တွင် ရာဂျက်စတန်ပြည်နယ်၊ ချူရူခရိုင်၊ ရာဂျလ်ဒေဆာ ရဲစခန်းနယ်မြေအောက်ရှိ ဘာနူဒါရွာ၌ ပျက်ကျခဲ့ရာ လေယာဥ်မှူးနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ချူရူခရိုင် ရဲမှူးကြီး ဂျိုင်း ယာဒက်ဗ်က လေယာဉ်ပျက်ကျမှုကို အတည်ပြုခဲ့ပြီး ရဲတပ်ဖွဲ့များကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။

“လေယာဉ်ပျက်စီးရာနေရာအနီးမှာ တစ်စစီ ပျက်စီးနေတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
လေယာဥ်သည် အမောင်းသင်အမျိုးအစား နှစ်ယောက်မောင်း Jaguar IB လေယာဥ်ဖြစ်သည်ဟုလည်း ဖော်ပြကြပြီး လေ့ကျင့်ပျံသန်းနေစဥ်ပျက်ကျကာ လေယာဥ်မှူးများ ခုန်ထွက်နိုင်မှုမရှိ၍ သေဆုံးရခြင်းလည်းဖြစ်သလို လေယာဉ်ပျက်ကျရာနေရာတွင် ကြီးမားသော မီးလောင်ကျင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်အပိုင်းအစများလည်း နေရာအနှံ့ ပြန့်ကြဲနေသည်။

မျက်မြင်သက်သေရွာသားများ၏ ပြောကြားချက်အရ လေယာဉ်သည် မီးလောင်လျက် ကောင်းကင်မှ ပြုတ်ကျလာသည်ကို တွေ့ရပြီး စစ်ကရာလီလမ်းမပေါ်ရှိ ချာရာနန် မိုဟာလာအနီး လယ်ကွင်းတစ်ခုတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
ဂျက်လေယာဉ်၏ မီးလောင်နေသော အစိတ်အပိုင်းများသည် ပေ ၂၀၀ ပတ်လည်အတွင်း ပျံ့ကျဲနေသည်ကိုလည်း တွေ့ရှိရသည်။

ဘာနူဒါနှင့် အနီးအနားရှိ ရွာများမှ ဒေသခံများသည် အခင်းဖြစ်ပွားရာနေရာသို့ အလုအယက် ရောက်ရှိလာကြသည်။ ဒေသခံများက လေယာဉ်ပျက်ကျချိန်တွင် လေယာဉ်ပေါ်၌ စစ်သည်တစ်ဦး သို့မဟုတ် နှစ်ဦး ပါရှိနိုင်ကြောင်း ခန့်မှန်းကြသည်။ လူ့ရုပ်ကြွင်းများနှင့် လေယာဉ်အပိုင်းအစများသည် ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည်။ အိန္ဒိယလေတပ်မှ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
“ဘာနူဒါတင်မကဘူး၊ အနီးအနားက ရွာတွေက ရွာသားတွေလည်း အခင်းဖြစ်ပွားရာနေရာကို ရောက်လာကြပြီ” ဟု ဒေသခံများက ပြောကြားခဲ့ပြီး မီးလောင်လျက် ဆင်းသက်လာသော တိုက်လေယာဉ်သည် လူအများ၏ အာရုံကို ဖမ်းစားခဲ့ကြောင်း ပြောသည်။

ယခုနှစ်တွင် ဂျက်ဂွာတိုက်လေယာဉ် ပျက်ကျမှုမှာ ဤသည်မှာ သုံးလအတွင်း တတိယအကြိမ်မြောက်ဖြစ်သည်။ ယခင်က မတ်လ ၇ ရက်နေ့တွင် ဟာရီယာနာပြည်နယ်၊ ပန်ချ်ကူလာမြို့၌ ဂျက်ဂွာလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ဧပြီလ ၂ ရက်နေ့တွင် ဂူဂျာရတ်ပြည်နယ်၊ ဂျမ်နာဂါအနီးတွင် နောက်တစ်စင်း ပျက်ကျခဲ့သည်။
ဂျက်ဂွာသည် အင်ဂျင်နှစ်လုံးတပ်၊ မြေပြင်တိုက်ခိုက်ရေး တိုက်ခိုက်ရေး-ဗုံးကြဲလေယာဉ်ဖြစ်ပြီး တစ်ယောက်စီးနှင့် နှစ်ယောက်စီး မော်ဒယ်များ ရရှိနိုင်ပြီး ၁၉၇၉ ခုနှစ်ကတည်းက တပ်တော်ဝင်ခဲ့၍ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိနေသော တိုက်ခိုက်ရေးယာဥ်များဖြစ်ပြီး အိန္ဒိယလေတပ်တွင် အစီးရေ ၁၀၀ ကျော် ရှိနေသလို မသုံးစွဲသင့်တော့ကြောင်း ဝေဖန်မှုများရှိနေသော်လည်း အကြီးအကျယ်အဆင့်မြှင့်တင်မှုများပြုလုပ်ကာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေဆဲဖြစ်သည်။
Ref, THI & mint
