
MT News
၉. ၇. ၂၀၂၅
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ (၅၈) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။
အဆိုပါအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခေတ္တအမြဲတမ်းအတွင်းဝန်ဦးကျော်ညွန့်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးပထမနေ့ (၈-၇-၂၀၂၅) တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စား လှယ်များတွေ့ဆုံပွဲ၊ အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် ကော်မရှင်အစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်များတွေ့ဆုံပွဲ၌ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်က နှစ်စဉ်အစီရင်ခံစာ ၂၀၂၅ နှင့်ပတ်သက်၍ တင်ပြခဲ့ပြီး ယင်းတင်ပြချက်များအပေါ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက တုံ့ပြန်ဆွေးနွေးခဲ့သည်။

အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် ကော်မရှင်အစည်းအဝေး၌ အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန်သဘောတူစာချုပ်အပေါ် ဖြည့်စွက်ချက် ကို အတည်ပြုခဲ့ပြီး အရှေ့တောင်အာရှဒေသ၌ နျူကလီးယားလက်နက်ကင်းမဲ့ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယနေ့ ဇူလိုင် ၉ ရက်နေ့တွင် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn သည် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (ယာယီ) ဦးကျော်ညွန့်ဦးနှင့် ယနေ့တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ နောက်ဆက်တွဲကိစ္စရပ်များနှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုများကို မည်သို့တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့်အပေါ် ရှုမြင်သုံးသပ်ချက်များကို ဖလှယ်ခဲ့ကြသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်စသည့်နိုင်ငံများမှ ဝန်ကြီးများနှင့် နိုင်ငံအဆင့်တာဝန်ရှိသူ ပါဝင်တက်ရောက်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ထိုနိုင်ငံများမှ ပါဝင်တက်ရောက်မည့်သူများသည် မလေးရှားနိုင်ငံသို့ရောက်ရှိနေပြီဖြစ်သည်။
