
MT News
၉. ၇. ၂၀၂၅
ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၃ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄၈ ကီလိုကျော်ကို သယ်ဆောင်ရောင်းဝယ်သူများ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန် ကျောက်ဆည်နှင့် မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မှ မန္တလေးသို့ သန်းအောင်စိုး(ခ)မျောက်ကြီး မောင်းနှင်ပြီး ပိုင်ခန့် လိုက်ပါလာသည့် NISSAN DIESEL ၆ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၄၈ ဒသမ ၇၉၇ ကီလို ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအား မိုင်းရယ်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ မနန်းသီရိအောင်(ခ) ဘောပြားမ၊ ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်း နှင့် စောရန်နိုင် တို့အား ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်းတွင် FORD RANGER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၃ ဦးအနက် ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်း သည် မူးယစ်အမှုများဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်ကျော်(ခ)ဦးတီပွား နှင့် ဇော်ဇော်နောင်(ခ)ကိုနောင် တို့အား အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိနေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဘုန်းမြင့်ကျော်(ခ)ဦးတီပွားမှာလည်း မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်းသိရှိရပြီး ဖော်ထုတ်ချက်အရ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာနေ အောင်ဖြိုးသူ နှင့် မိုင်းရယ်မြို့နေ စိုင်းစော တို့မှ မူးယစ်ဆေးဝါးများအား လွှဲပြောင်းပေးခဲ့သူများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။
