
၉. ၇. ၂၀၂၅
Written by Nyein Kyaw
ယနေ့ ဝါဆိုလပြည့် စမ္မစကြာအခါတော်နေ့ဝယ် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။

ဝါဆိုလပြည်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဝါတွင်းကာလရဲ့ ပထမဆုံးလပြည့်နေ့ဖြစ်လို့ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ တန်ဆောင်းတွေမှာ သံဃာတော်တွေက ဥပုသ်သီလစောင့်လိုသူတွေအတွက် သီလပေးတရားတော်ကို အဆက်မပြတ် ဟောကြားပေးလျက်ရှိပါတယ်။

ဒါ့အပြင် ဝါတွင်းကာလတစ်လျှောက်လုံးမှာလည်း ရွှေတိဂုံစေတီတော်မှာ ဗုဒ္ဓပူဇနိယပွဲတော်တွေနဲ့ လပြည့်၊ လကွယ်နဲ့ ဥပုသ်နေ့တွေမှာ သီလခံယူပွဲတွေ စီစဉ်ပေးသွားမယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အသိပေးကြေညာထားပါတယ်။

မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်မှာ မြတ်စွာဘုရားရှင်က ပဉ္စ၀ဂ္ဂီငါပါးတိုကို ဘုရားအဖြစ်ကို၀န်ခံခြင်းနဲ့ ပထမဆုံးတရားဦးအဖြစ် ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာ့ရိုးရာ ၁၂ လရာသီထဲမှာ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ကျင်းပပြီး ဝါဆိုလပြည့်နေ့မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ကုသိုလ်ကောင်းမှုတွေကို အလေးမြတ်ထား ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။

