
MT News
၈. ၇. ၂၀၂၅
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မတ်လ ၂၈ ရက်က အင်အား ၇ ဒသမ ၇ အဆင့်ရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည်မှာ ရက်ပေါင်းတစ်ရာကျော်ရှိလာပြီးနောက် လူများစွာမှာ ကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်ပြီး လူမှုအသိုင်းအဝိုင်းက ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေရဆဲဖြစ်သလို နိုင်ငံတကာအကူအညီများကလည်း အရေးပါသော အသက်သွေးကြောတစ်ခု ဖြစ်နေသည်ဟု ဆွစ်ဇာလန်ိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူက ဆိုသည်။
IFRC မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Nadia Khoury က ဆင်ဟွာနှင့် သီးသန့်အင်တာဗျူးတွင် မြေပြင်အခြေအနေများနှင့် စပ်လျဉ်း၍ နောက်ဆုံးရအချက်အလက်များ မျှဝေပေးခဲ့သလို ရေရှည်ပံ့ပိုးကူညီမှုအတွက် အရေးပေါ်လိုအပ်ချက်များ အထူးသဖြင့် အိမ်ထောင်စုများအနေဖြင့် ပြန်လည်တည်ဆောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဖိအားများပြားလာမှုကိုလည်း အလေးထားပြောပြခဲ့သည်။

“ငလျင်ကြီးလှုပ်ခတ်ခဲ့တာက ရက်ပေါင်းတစ်ရာ ရှိလာပြီ။ ဒါပေမဲ့ ကနဦးအဆင့်မှာပဲ ရှိနေသေးတယ်။ ပြန်လည်ထူထောင်ရေးခရီးလမ်းကတော့ အချိန်ကြာဦးမှာပါ” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အနီးကပ်လုပ်ဆောင်လျက်ရှိသော IFRC သည် လက်ရှိတွင် အရေးပေါ်အကူအညီပေးမှုမှ ရေရှည်ပြန်လည် ထူထောင်ရေး အဓိကကူးပြောင်းမှုဖြစ်သည့် ရှေးဦးပြန်လည်ထူထောင်ရေးအဆင့်အား ပြောင်းလဲလုပ်ဆောင်လျက်ရှိသည်။
“လက်ရှိ ရှေးဦးပြန်လည်ထူထောင်ရေးအဆင့်မှာ ကျွန်မတို့အနေနဲ့ ကယ်ဆယ်ရေးစခန်းမှာနေသူတွေကို ပံ့ပိုးနိုင်ဖို့ အသေးစိတ် လူမှုအခြေအနေအကဲဖြတ်မှုတွေနဲ့ သူတို့တွေနဲ့ကိုက်ညီတဲ့ သက်မွေးဝမ်းကျောင်းရွေးချယ်မှုတွေက တစ်ဆင့် လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် စိန်ခေါ်မှုများကမူ ရှိနေဆဲဖြစ်သည်ကို ၎င်းအနေဖြင့် သိရှိထားပြီး ဖြစ်သည်။

“ပြန်လည်ထူထောင်ရေးလုပ်ငန်းက ကုန်ကျစရိတ်တွေရှိတယ်ဆိုတာက ကျွန်မတို့ သဘောပေါက်ပါတယ်။ ကာလရှည် အချိန်ယူရမှာပေါ့။ နောက်ထပ် ရာပေါင်းများစွာသောရက်တွေနဲ့ လပေါင်းများစွာအတွက် နိုင်ငံတကာအကူအညီတွေက တကယ့်ကို မရှိမဖြစ် အရေးကြီးပါတယ်” ဟု Nadia Khoury က ပြောခဲ့သည်။
အဆိုပါ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် IFRC အနေဖြင်ဖြင့် လာမည့်နှစ်နှစ်တာကာလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ ဆွစ်ငွေကြေး သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၉ သန်း) အရေးပေါ်တောင်းခံထားကြောင်း သိရသည်။
“ပြန်လည်ထူထောင်ရေးက ကယ်ဆယ်ရေးအကူအညီတွေထက် ကုန်ကျစရိတ် သိသိသာသာ ပိုမိုများပြားပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ငလျင်ဒဏ်ခံစားရပြီးနောက် လျင်မြန်စွာ တုံ့ပြန်မှုပြုကာ လေးနက်လှသော အကူအညီများ ချက်ချင်းပေးအပ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံအဖြစ် IFRC တာဝန်ရှိသူက အလေးထားဖော်ပြခဲ့သည်။
ထို့အပြင် ဟောင်ကောင်ကယ်ဆယ်ရေးအဖွဲ့ အပါအဝင် တရုတ်ကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံထံ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ၊ ရန်ပုံငွေများ၊ နည်းပညာပံ့ပိုးကူညီမှုများ အမြောက်အမြား ပေးပို့ကူညီခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောပြသည်။
Nadia Khoury က “တရုတ်နိုင်ငံက ငလျင်ဘေးကို အစောဆုံးနေ့ရက်တွေမှာ တော်တော်လေးကို ကူညီပံ့ပိုးမှုတွေ ပေးအပ်ခဲ့ပါတယ်။ ပြီးတော့ တရုတ်နိုင်ငံက အရေးပေါ်အကူအညီတွေလည်း ပေးခဲ့သလို ရန်ပုံငွေအတွက် ကတိကဝတ်တွေပြုခဲ့ပါတယ်။ တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) ကလည်း လှူဒါန်းမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ငလျင်သတင်းနှင့်စပ်လျဉ်း၍ မီဒီယာသတင်းဖော်ပြမှုများ မှေးမှိန်လာသည်နှင့်အမျှ နိုင်ငံတကာအလှူရှင်များ အနေဖြင့် ရေတိုအကူအညီများနောက်ကွယ်မှ အခြေအနေကိုလည်း ရှုမြင်ကြရန် IFRC က တိုက်တွန်းထားသည်။
“မြန်မာပြည်သူတွေကို မေ့မထားကြပါနဲ့” ဟု IFRC တာဝန်ရှိသူက ဆိုခဲ့သလို “ပြန်လည် ထူထောင်ရေးလုပ်ငန်းက ရေရှည်သွားရမှာပါ။ ကျွန်မတို့အနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေတဲ့ အိမ်ထောင်မိသားစုတွေကို ကူညီဖို့၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ရရှိဖို့နဲ့ ရပ်ရွာအတွင်း ကျန်းမာတဲ့မိသားစုဝင်တွေဖြစ်လာဖို့ လုပ်ဆောင်နိုင်သမျှအားလုံးကို လုပ်ပေးချင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
