
၈. ၇. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၏ အုန်းသီးအခြေခံစက်မှုလုပ်ငန်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ၎င်း၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေခဲ့သော အငြင်းပွားဖွယ်ရာ အလေ့အကျင့်တစ်ခုကို နောက်ဆုံးတွင် အရေးယူ ဆောင်ရွက်နေပြီဖြစ်ပြီး ဆိုးရွားလှသော ထိုအလေ့အကျင့်မှာ အုန်းသီးခူးရန် မျောက်များကို လုပ်သားအဖြစ် အသုံးပြုခြင်း ဖြစ်သည်။
မျောက်များကို လုပ်သားအဖြစ် အသုံးချပြီး အုန်းသီးခူးရန်ခိုင်းစေမှုကြောင့် ကျဆင်းနေသော ထိုင်းနိုင်ငံ၏ အုန်းကဏ္ဍ စက်မှုလုပ်ငန်းပုံရိပ်ကို ကယ်တင်ရန်နှင့် တောင်သူများ၏ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ရန်အတွက် ထိုင်းနိုင်ငံမှ အုန်းစက်မှုလုပ်ငန်းအဖွဲ့ (Thai Coconut Industry Group) သည် Wildlife Friends Foundation Thailand (WFFT) နှင့် ပူးပေါင်းကာ မျောက်လုပ်အားကို အသုံးချမှုအား အပြီးတိုင် ပိတ်ပင်ရန် ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ အုန်းထုတ်လုပ်မှုကဏ္ဍသည် နှစ်စဉ် ဘတ်ငွေ ၂၅ ဘီလျံကျော် ရရှိပြီး လယ်သမားအိမ်ထောင်စု ၃၀၀,၀၀၀ ကျော်ကို အထောက်အကူပြုသည်။ သို့သော် တိုးတက်နေသော ကုန်သွယ်မှုနောက်ကွယ်တွင် သစ်ပင်တက်ပြီး အုန်းသီးခူးရန် လေ့ကျင့်ပေးထားသည့် မျောက်များအကြောင်း စိတ်ပျက်ဖွယ်ရာ ဇာတ်လမ်းများက လူအမြောက်အမြားကို ဒေါသဖြစ်စေခဲ့သည်။
တိရစ္ဆာန်အခွင့်အရေးအဖွဲ့များနှင့် စားသုံးသူများက ထိုအလေ့အကျင့်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ဥရောပနှင့် မြောက်အမေရိက ကုန်တိုက်ကြီးများကလည်း သပိတ်မှောက်မှုများကို ရင်ဆိုင်ခဲ့ရသည်။ ထိုသို့ တန်ပြန်တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံသည် လုပ်ငန်းထိခိုက်မှုအနေဖြင့် တစ်နှစ်လျှင် ဘတ်ငွေ ၂ ဘီလျံခန့် ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းရသည်။
ထိုအငြင်းပွားမှုကို အဆုံးသတ်ရန် ဆုံးဖြတ်ထားသည့် ထိပ်တန်းထုတ်လုပ်သူလေးခုဖြစ်သော Asiatic Agro Industry, Suree Interfoods, Thai Coconut Public Company Limited နှင့် Theppadungporn Coconut တို့သည် ကိုယ်ကျင့်တရားဆိုင်ရာ အပြောင်းအလဲကို ဖြစ်ပေါ်စေရန် Thai Coconut Industry Group ကို ဖွဲ့စည်းခဲ့သည်။

မတ်လ ၂၇ ရက်နေ့တွင် ထိုအဖွဲ့သည် WFFT နှင့် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ရာ အရေးကြီးသော အခိုက်အတန့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ မျောက်လုပ်အားကို အဆုံးသတ်ရန် ပထမဆုံးသော စက်မှုလုပ်ငန်းတစ်ရပ်လုံး၏ ကတိကဝတ်ဖြစ်ပြီး လုပ်ငန်းမှ အနားယူထားသော တိရစ္ဆာန်များကို ရေရှည်စောင့်ရှောက်မှုအတွက် ငွေကြေးထောက်ပံ့ပေးမည်ဖြစ်သည်။
“ကျွန်တော်တို့ အဖွဲ့ဝင်တွေဟာ မျောက်လုပ်အားကို ငြင်းပယ်ပြီးသားဖြစ်သလို၊ ခြေရာခံနိုင်တဲ့ စနစ်တွေကို အသုံးပြုကာ ကိုယ်ကျင့်တရားနဲ့အညီ စိုက်ပျိုးခြင်းကိုလည်း ထောက်ခံပါတယ်။ ဒီအကူးအပြောင်းက မရှိမဖြစ်လိုအပ်ပါတယ်။ တိရစ္ဆာန်သက်သာချောင်ချိရေးအတွက်သာမက စက်မှုလုပ်ငန်းရဲ့ ရေရှည်တည်တံ့တဲ့ အနာဂတ်ကို ကာကွယ်ဖို့အတွက်ပါပဲ။”ဟု အဆိုပါ အဖွဲ့က ကြေညာခဲ့သည်။
သဘောတူညီချက်သည် ကတိများထက် ကျော်လွန်ပြီး ထုတ်လုပ်သူများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုအလေ့အကျင့်ကို တားမြစ်ရန် ဥပဒေအသစ်များအတွက် တက်ကြွစွာ လှုပ်ရှားနေကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ခေတ်မီသော နည်းလမ်းများတွင် ရင်းနှီးမြှုပ်နှံနေကြပြီး တိရစ္ဆာန်များမပါဘဲ ခူးဆွတ်ရန် ပိုမိုလွယ်ကူသော မျိုးစပ်နှင့် အုန်းပင်ပုများကို စိုက်ပျိုးခြင်း၊ ထိရောက်မှု မြှင့်တင်ရန် ထုတ်လုပ်မှုကို စက်မှုအဖြစ် ပြောင်းလဲခြင်းတို့ကိုလည်း ကြိုးပမ်းနေကြသည်။

ဤအပြောင်းအလဲသည် McCormick & Company နှင့် Merit Food Products ကဲ့သို့သော နိုင်ငံတကာမှ ဝယ်ယူသူကြီးများ၏ ထောက်ခံမှုကို ရရှိခဲ့ပြီး ၎င်းတို့သည် ကယ်ဆယ်ထားသော မျောက်များကို ကူညီရန် ရန်ပုံငွေ ကတိပြုခဲ့ကြသည်။ Mahidol တက္ကသိုလ်မှ တိရစ္ဆာန် ဆေးကုဆရာဝန်များလည်း ပါဝင်ပြီး တိရစ္ဆာန်စောင့်ရှောက်မှုအတွက် အကောင်းဆုံး အလေ့အကျင့်များကို လမ်းညွှန်ပေးလျက်ရှိကြောင်း Bangkok Post မှ ဖော်ပြခဲ့သည်။
“ဒီပူးပေါင်းဆောင်ရွက်မှုဟာ အလှည့်အပြောင်းတစ်ခုပါပဲ” ဟု WFFT ၏ တည်ထောင်သူ Edwin Wiek က ပြောကြားခဲ့သလို “အတူတူပူးပေါင်းပြီး ကိုယ်ကျင့်တရားနဲ့အညီ အုန်းသီးရရှိရေးအတွက် ကမ္ဘာ့စံနှုန်းအသစ်တစ်ခုကို တည်ထောင်နိုင်ပါတယ်။”ဟုလည်း ဆိုခဲ့သည်။
ထိုအဖွဲ့သည် တင်ပို့သော အုန်းသီးထုတ်ကုန်တိုင်းကို ရက်စက်မှုကင်းမဲ့ကြောင်း အသိအမှတ်ပြုရန် တင်းကြပ်သော ခြေရာခံစနစ်များကိုလည်း စတင်အသုံးပြုနေပြီး စက်မှုလုပ်ငန်း၏ ပွင့်လင်းမြင်သာမှုကို ဝယ်ယူသူများအား စိတ်ချယုံကြည်စေသည်။
“ဒါဟာ ထိုင်းအုန်းစိုက်ပျိုးရေးကို ကိုယ်ကျင့်တရားနဲ့ ရေရှည်တည်တံ့တဲ့ အလေ့အကျင့်များနဲ့ သတ်မှတ်မယ့် အနာဂတ်ဆီသို့ ခြေလှမ်းတစ်လှမ်းဖြစ်ပြီး စက်မှုလုပ်ငန်းရဲ့ ဂုဏ်သတင်းနဲ့ ၎င်းကို မှီခိုနေရတဲ့ တောင်သူများရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ပေးပါလိမ့်မယ်။”ဟု Edwin Wiek က ဆက်လက် ပြောကြားခဲ့သည်။
Ref, The Thaiger
