◾️ အဆိုပါ သဝဏ်လွှာနှင့်ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် အပြုသဘောဆောင်သည့် ညှိနှိုင်းမှု၊ ပြန်ကြားမှု ဆောင်ရွက်သွားမည်ဖြစ်၍ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ရလဒ်များရရှိမည်ဟုပါ ပြောကြား

၈. ၇. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးပြုလုပ်လိုကြောင်းနှင့် မြန်မာသွင်းကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးပို့သည့်သဝဏ်လွှာအား မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်စွာလက်ခံရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
“ဒီနေ့မှာတော့ မီဒီယာများ မေးမြန်းထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကနေပြီး မြန်မာနိုင်ငံ ဝန်ကြီးချုပ်နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို ပေးပို့တဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ သဝဏ်လွှာစာနဲ့ပတ်သက်ပြီး ပြောကြားသွားမှာဖြစ်ပါတယ်။ စာထဲမှာတော့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး ပြုလုပ်လိုတဲ့အကြောင်းနဲ့ ကုန်သွယ်ရေးလိုငွေများ ရှိနေတဲ့အကြောင်း အကျဉ်းချုပ်ကတော့ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေအပေါ်မှာ အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်သွားမှာဖြစ်ကြောင်းနဲ့ ဒါနဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက သွင်းတဲ့သွင်းကုန်တွေနဲ့ ပတ်သက်ပြီးလည်း ဖြေလျှော့ပေးဖို့ ဒါပြောထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာလည်း မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ ပြောကြားထားတာလည်း တွေ့ရပါတယ်။ ပြီးရင်ကျွန်တော်တို့ ဒီအခွန်နှုန်းထားတွေနဲ့ပတ်သက်ပြီးလည်း ညှိနှိုင်းနိုင်တဲ့အကြောင်း ပြောကြားထားတာလည်း တွေ့ရပါတယ်။ ဒီစာကိုလည်း ကျွန်တော်တို့ ကောင်းမွန်စွာလက်ခံရရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏအနေဖြင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်ခန့်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရရဲ့ သဘောထားအနေနဲ့ကတော့ နံပါတ်တစ်ကတော့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု၊ ပြန်ကြားမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နံပါတ် ၂ အချက်အနေနဲ့ကတော့ ညှိနှိုင်းမှုတွေကနေပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များ ရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အမေရိကန်စီးပွားရေးတွင် ကုန်သွယ်ဖက်အဖြစ်ပါဝင်ရန် ဖိတ်ခေါ်သည့် သဝဏ်လွှာကို ဇူလိုင် ၇ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်နောက်ပိုင်းတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆိုမှုများစွာ ပြုလုပ်ခံထားရချိန်၌ အမေရိကန်သမ္မတတစ်ဦးက SAC အစိုးရအဖွဲ့ခေါင်းဆောင်အား နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံးအဖြစ် လေးလေးစားစားပေးပို့လာသော ထိုစာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌရာထူးနှင့် မြန်မာနိုင်ငံ၏ စစ်သေနာပတိချုပ်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန်များကို အလေးအနက် အသိအမှတ်ပြုဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
