◾အမှုဖွင့်သူ ခင်ပွန်းကိုယ်တိုင်ကလည်း ပြီးခဲ့သည့်နှစ်က တစ်လင်တစ်မယားဥပဒေဖြင့် ဇနီး၏ အမှုဖွင့်ခံထားရပြီး တရားရင်ဆိုင်နေရဆဲဖြစ်နေ

၉.၇.၂၀၂၅
Written By Zun
အိမ်ထောင်ရှိအမျိုးသားက တခြားအိမ်ထောင်ရှိအမျိုးသမီးတစ်ဦးနှင့် ဟိုတယ်အခန်းတွင် တွေ့နေသည်ကို ဖမ်းမိသဖြင့် အမျိုးသမီး၏ ခင်ပွန်းက တစ်လင်တစ်မယားပုဒ်မဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုဖွင့်ထားသူ ခင်ပွန်း ကိုယ်တိုင်မှာလည်း ပြီးခဲ့သည့်နှစ်က တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူက MT News ကို ပြောသည်။
“ဟုတ်တယ်။ ဖြစ်စဉ်ကတော့ မှန်တယ်။ သူတို့ လင်မယားက အဲဒီ တစ်လင်တစ်မယား ဥပဒေနဲ့ တစ်ယောက်ကို တစ်ယောက် စွဲနေကြတာမျိုး ဖြစ်နေတယ်။ အခုကတော့ စစ်နေတုန်းမို့လို့ ဒီထက်ပိုပြောဖို့ကတော့ ကျွန်တော်တို့ဘက်က အဆင်မပြေသေးလို့လေ”ဟု ယင်းက ပြောသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ရွှေပါရမီကွန်ဒိုတိုက်ခန်းနေ အသက် ၆၄ နှစ်အရွယ် ဦးစန်းဌေးဦးသည် ဗိုလ်တထောင်မြို့နယ်၊ ရွှေကံ့ကော် လက်ဖက်ရည်ဆိုင်၌ရှိနေစဉ် ၎င်း၏ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ် ပြုံးပြုံးစံမှာ နေအိမ်မှကားဖြင့် ထွက်သွားကြောင်း မိတ်ဆွေတစ်ဦက ဖုန်းဆက်ပြောသောကြောင့် ဦးစန်းဌေးဦးက ၎င်း၏မိတ်ဆွေအား သူ၏ဇနီးကား နောက်မှ လိုက်ကြည့်ပေးရန် အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
၎င်းကိုယ်တိုင်ကလည်း အခြားမိတ်ဆွေနှစ်ဦးနှင့်အတူ ကားတစ်စီးဖြင့် သူ၏ ဇနီးကားနောက်သို့ လိုက်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ် ပြုံးပြုံးစံ၏ကားမှာ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊အမှတ်(၁)ရပ်ကွက်ရှိ ရွှေပြည်ဟိုတယ်သို့ မောင်းဝင်သွားပြီးနောက် ဘန်ဂလိုအမှတ် (၁၀၁)ရှိအခန်း၌ ရန်ကုန်မြို့နေ အသက် ၄၁ နှစ်အရွယ် အိမ်ထောင်ရှိအမျိုးသား ဦးဝေလင်းဖြိုးနှင့်အတူတွေ့နေကြောင်း သိရသည်။
ယင်း အခင်းဖြစ်ကိစ္စရပ်နှင့်ပတ်သက်၍ ဦးစန်းဌေးဦးမှ ဥပဒေအရ အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြား၍ ၎င်း၏ဇနီး ဒေါ်ပြုံးပြုံးစံနှင့် ဦးဝေလင်းဖြိုးတို့ နှစ်ဦးအား အင်းတကော်နယ်မြေရဲစခန်းမှ (ပ)၅၇/၂၀၂၅၊ တစ်လင်တစ်မယားဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ အမှုဖွင့်ထားသူ ဦးစန်းဌေးဦးကိုလည်း ဇနီးဖြစ်သူဒေါ်ပြုံးပြုံးစံက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းရဲစခန်း၌ တစ်လင်တစ်မယားဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသောကြောင့် လက်ရှိ အမှုရင် ဆိုင်နေရဆဲဖြစ်ကြောင်းနှင့် ထိုစဥ်က စမ်းချောင်းမြို့နယ်၊ သုခလမ်းတွင် လူလွတ်အပျိုအမျိုးသမီးနှင့် ပေါင်းသင်းနေထိုင်သဖြင့် ဒေါ်ပြုံးပြုံးစံက သက်သေများဖြင့် အမှုဖွင့်ခဲ့ရာ အမျိုးသမီးမှာလူလွတ်ဖြစ်နေသဖြင့် ဦးစန်းဌေးဦးက တရားရင်ဆိုင်နေရဆဲဖြစ်သည်ဟု သိရသည်။
ဦးစန်းဌေးဦးနှင့် ဇနီးဒေါ်ပြုံးပြုံးစံ တို့သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က တရားဝင်လက်ထပ် ထိမ်းမြားခဲ့ကြပြီး အသက် ၁၉ နှစ်နှင့် ၉ နှစ်အရွယ်သမီးနှစ်ဦးထွန်းကားကာ ဦးစန်းဌေးဦးအား အမှုဖွင့်ထားချိန်မှစ ကွာရှင်းရန် ကြိုးပမ်းဆဲသာဖြစ်သောကြောင့် တရားဝင်အကြင်လင်မယားအဖြစ် မှတ်တမ်းဝင်နေကြဆဲဖြစ်ကြောင်း သိရသည်။
