
နေမိုး
၉. ၇. ၂၀၂၅
ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းလက်နက်ကိုင် CNDF က ပြည်သူ့အိမ်အားလုံးကိုဖောက်ထွင်းခိုးယူမှု ကျူးလွန်ခဲ့ကြရာတွင် CNDF ခေါင်းဆောင်ပိုင်း အကြီးအကဲများကပါ ပြည်သူများနေအိမ်ကို ဖောက်ထွင်းခိုးယူမှု ကျူးလွန်ခဲ့ကြသည်ဟု CNDF တပ်မှူးဟောင်းက ဝန်ခံ တောင်းပန်ထားသည်။
Salai William Hlawnceu အမည်ဖြင့် Facebook သုံးစွဲသူက CNDF တပ်မှူးဟောင်း၏ ဝန်ခံစာအဖြစ် ” CNDF စစ်မှုထမ်းဟောင်း တစ်ယောက်ရဲ့ ရင်ဖွင့်စကား။ ပြည်သူများသို့ တောင်းပန်ပါသည်..” အစချီကာ ရေးသားထားသည့် ထိုစာတွင် CNDF ချင်းလက်နက်ကိုင်များက ခေါင်းဆောင်မှအစ ချင်းပြည်သူများနေအိမ် ဖောက်ထွင်းခိုးယူခဲ့သည်ကို ဝန်ခံထားသည်။

“ကျွန်တော်သည် မိမိသဘောခံယူချက်ဖြင့် CNDF လက်နက်အဖွဲ့သို့ ဝင်ရောက်ကာ စစ်တပ်အားတော်လှန်ခဲပါသည်။ ပြည်သူ၏အသက်အိုးအိမ်ကို ကာကွယ်ရန်ဖြစ်သည်။ သို့သော်လည်း CNDF အနေဖြင့် ဖလမ်းမြို့သိမ်းလုပ်ရန် နှစ်ဖွဲ့ကွဲငြင်းခုန်ခဲ့ကြသည်။ ဦးဇုံဘွဲပုမ်မှ ဘတ်ဂျက်ဆွဲပြီးသားအပေါ် လုံးဝနောက်ဆုတ်မရဟု အမြဲပြောလျက်ရှိခဲ့သည်။ လုံပီးအစည်းအဝေး၊ ဆူရ်းဘုံအစည်းအဝေး စသည်ဖြင့် အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ ဦးငွန်ထောင်းနဲ့အစ်မကြီးရှန်းကိပ်မှ လုံးဝမတိုက်လိုပေ။ တိုက်တာခဏ ပြန်ထူထောင်ရမှာ နှစ်ပေါင်းများစွာကြာမြင့်မည်ဟု သုံးသပ်ကြသည်။ညတီးတိန်သား ဇုန်ဘွဲပုမ်က လုံးဝမကြိုက်ပါ။ အုပ်စုဖွဲ့ ဂိုဏ်းဖွဲ့စည်းရုံးကြသည်။ မိမဆုံးမ ဖမဆုံးမ အခြေမဲ့စစ်သားအများစု ဇုန်ဘွဲပုမ်ဘက်ပါကုန်ကြသည်။ ရပ်ထဲရွာထဲတွင်အလုပ်မလုပ်ချင်သူ လက်ကြောမတင်းသူ ခံယူချက်မရှိသူ အရက်သမားဖဲသမား မိဘဆုံးမ မနိုင်သူ သူခိုးများသည်။ တလန်းဇာန်ရွာဟောပြောပွဲတွင် တော်လှန်ရေးမြန်မြန်မပြီးပါက သူခိုးဓားပြဖြစ်ကုန်ကြမယ်လို့ ဥက္ကဋ္ဌဦးငွန်ထောင်းကပြောခဲ့ပြီးဖြစ်သလို တကယ်ဖြစ်လာခဲ့သည်။ ဖလမ်းမြို့သိမ်းလုပ်ဖို့ တိုက်ကြသည်။ စစ်မတိုက်ဘဲ သူများအိမ်ဖောက်ခိုးကြသည်။ ကျွန်တော် စိတ်ထဲ ဝမ်းနည်းရင်း ထွက်ရန်ဆုံးဖြတ်ခဲ့သည်။ သူများမီးစက်ကအစ ယူကြသည်။ ဆွေမျိုးနီးစပ်သူ မြို့ထဲ ဝင်လမ်းထွက်လမ်းလွယ်သည့်နေရာမှ ခင်မင်ရင်းနှီးသူ/ဆွေမျိုးတချို့ ကြောင်ထဲရွာ၊ ဗိုင်လာရွာ၊ ငိုင်ဇမ်းရွာ၊ တိုင်းရွှန်၊ သိုင်းဇော် ရွာသားတွေကိုလည်း မြို့ထဲဝင်ခိုးခွင့်ပြုသူများ အိမ်ထဲကမီးစက်များ ခိုးထားသည်များရှိသည်။ ပြန်မထားပေးပါက နောက်တွင်နာမည်နှင့်တကွ ဖော်ပြရန်နာမည်စာရင်းမှတ်ထားသည်။ မဟာမိတ်တပ်များမလာမီတွင် ပြည်သူ့အိမ်များအား အကုန်ဖောက်ရွှေငွေရှာပြီးနောက် အကြောင်းပြချက်ခိုင်လုံရန်မဟာမိတ်ဗမာများခေါ်သည်။ အိမ်ထဲချီးပါချကြသည်။ သူများအိမ်အောက် စပျစ်ဝိုင်အိုးနားအိပ်နေသူလည်းရှိသည်။ အသုံးမလိုသည့် အဝတ်အစားများ အကုန်လှန်ကာ ငွေနဲ့ရွှေ ထပ်ရှာကြသည်။ ကားကြီးနှစ်စီးဖြင့်အပြည့်သယ်ခိုင်းသည့်အခါ ခေါင်းဆောင်များကိုယ်တိုင်ပါသည်။”ဟု Salai William Hlawnceu က ဖော်ထုတ် ဝန်ခံထားသည်။

သို့သော် CNDF တပ်မှူးမန်လီးသည် ပြည်သူကို ဒုက္ခမပေးသော မခိုးမဝှက်သော တပ်မှူးဖြစ်သည်ဟုလည်း Salai William Hlawnceu က ဝန်ခံထားသည်။

“CNDF နေစဥ် သဘောအကျဆုံး စံပြတစ်ယောက်ရှိခဲ့သည်။ တပ်မှူးမန်လီးဖြစ်သည်။ လုံးဝမခိုးမဝှက်ဖူးပါ။ ပြည်သူကိုဒုက္ခမပေးဘူး..။ ဝန်ထမ်းတွေကိုလည်း မနှောင့်ယှက်ဘူး။ စစ်တပ်ကိုသာတိုက်သည်။ စံပြအဖြစ်ဂုဏ်ယူခဲ့သည်။ကျန်းမာပါစေ။ အသက်ရှည်ပါစေ။ ကျန်သူအများစုများ သူများအိမ်က ပစ္စည်းယူ အရက်သောက် မီးစက်ခိုးရောင်းသူ သူခိုးတပ်မှူးများသည်။ နာမည်အကုန်မှတ်ထားသည်။ တစ်နေ့ဖော်ပါမည်။ ဟိုလူလိုလို ဒီလူလိုလိုပြောလို့ရအောင် တံခါးပိတ်ခွင့်မပြုခဲ့ကြပါ။ မဟာမိတ်စစ်ကူများမလာမီတွင် လူနေအိမ်အကုန်ဖောက်ပြီး ခိုးပြီးဖြစ်ပါသည်။ ဓာတ်ပုံများစွာရှိသည်။တိုက်ခိုက်ဝေဖန်လာပါက သက်သေဓာတ်ပုံများ ဖော်ပြပါမည်။ အခိုးဆုံးတပ်မှူးလည်းရှိသည်။ထောက်ပို့ခေါင်းဆောင် ပဲန်းဘွဲကလည်း အကုန်သိသည်။ ခဏခဏ သူကဆူတတ်သည်။ ဒီလိုသာ ဆက်သွားရင် ဖလမ်းမြို့ကြီး မြို့ပြန်ဖြစ်စရာအကြောင်းမရှိပါ။ အကြီးကပုန်း အငယ်က အုန်း၊လူကြီးအရက်သောက် အငယ်ဗိုက်မှောက်ခဲ့ရသည်။ အခု ကျွန်တော်ကံကောင်းစွာဖြင့် ဘုရားက လမ်းပြလို့ နိုင်ငံခြားမှာ ခြေစုံလက်စုံဖြင့်နေထိုင်ပါပြီ။ အားလုံးတောင်းပန်သလို ဖလမ်းမြို့တွင်နေစဥ် ပြည်သူ့ပစ္စည်းမယူမိ၊ မခိုးမိခဲ့သည့်အတွက် ဘုရားရှင်အား ချီးမွမ်းပါသည်။ ကိုယ့်လိပ်ပြာ သန့်ပါသည်။ တစ်ချိန်က…တပ်မှူးလေး (မလေးရှားနိုင်ငံ)”ဟုလည်း Salai William Hlawnceu က ဝန်ခံထားသည်။
