
၉.၇.၂၀၂၅
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံတွင် မိသားစုဝင်များကို ဆင်းရဲတွင်းမှ လွတ်မြောက်ရန်ဟုဆိုကာ သတ်ဖြတ်ခဲ့သော ဗီယက်နမ်အမျိုးသားတစ်ဦးကို ဟနွိုင်မြို့တရားရုံးတစ်ရုံးက ဇူလိုင်လ ၈ ရက်တွင် သေဒဏ်ပေးခဲ့ကြောင်း သိရသည်။
ဟနွိုင်မြို့ ပြည်သူ့တရားရုံးက အသက် ၅၂ နှစ်ရှိ ဗူဗန်ဗောင်အား မိခင်၊ ဇနီး၊ သားနှင့် သမီးတို့အား ၂၀၂၅ ခုနှစ်ဆန်းက ရက်စက်စွာသတ်ဖြတ်ခဲ့မှုဖြင့် တရားရုံးစစ်ဆေးမှုပြုကာ ထိုပြစ်ဒဏ်ကိုချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။ တရားရုံးစစ်ဆေးချက်များအရ ဗူဗန်ဗောင်က မိသားစုဝင်များကို ဇန်နဝါရီလလယ်ပိုင်းက နှစ်ရက်အတွင်း မိသားစု၏အိမ်၌ပင် သတ်ဖြတ်ခဲ့ခြင်းဟု တွေ့ခဲ့ရသည်။
ဇန်နဝါရီလ ၁၅ ရက် နံနက်တွင် ၎င်းက အသက် ၁၉ နှစ်ရှိ သမီးဖြစ်သူအား လည်ပင်းညှစ်သတ်ခဲ့ပြီး အလောင်းကို အိပ်ရာအောက်တွင် ဝှက်ထားခဲ့သည်။ မွန်းလွဲပိုင်းတွင် အသက် ၁၇ နှစ်ရှိ သားဖြစ်သူကိုလည်း အလားတူသတ်ခဲ့ပြန်သည်။
ထိုနေ့ညတွင် ဇနီးဖြစ်သူက အလုပ်မှ အိမ်သို့ပြန်လာခဲ့ရာ ည ၁၁ နာရီခန့်တွင် သတ်ဖြတ်ခဲ့ကာတစ်နေရာတည်း၌ပင် ဖုံးကွယ်ထားခဲ့သည်။ ဇန်နဝါရီလ ၁၆ ရက် နံနက်အစောပိုင်းနာရီများတွင် ၎င်းက ကျန်းမာရေးမကောင်း၍ အိပ်ရာမှမထနိုင်သော အသက် ၇၉ နှစ်ရှိမိခင်အား ၎င်းက ထပ်မံ၍ လည်ပင်းညှစ်သတ်ခဲ့ခြင်းဟု သိရသည်။
ထိုသို့ လူသတ်မှုများကျူးလွန်အပြီး ဗောင်က စာတစ်စောင်ရေးခဲ့ကာ အိပ်ဆေးများသောက်၍ ၎င်းကိုယ်၎င်း သတ်သေရန်ကြိုးစားခဲ့သည်။ သို့ရာတွင် ၎င်းက အသက်ရှင်လျက်ရှိခဲ့ကာ ဟနွိုင်မြို့မှဒါနန်းမြို့သို့ ထွက်ပြေးခဲ့ပြီး ထိုမှ နိုင်ငံတောင်ပိုင်း ဗင်တောမြို့သို့ ဆက်လက်ထွက်ပြေးခဲ့သည်။ သို့သော် ၎င်းက သေဆုံးသူများအတွက် ရိုးရာဓလေ့ကျင့်စဉ်တစ်ခုပြုလုပ်နေစဉ် Lien Tri ဘုရား၌ ဇန်နဝါရီလ ၁၈ ရက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိချိန်တွင် ဗောင်က အလွန်အမင်းစိတ်ဓာတ်ကျဆင်းကာ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု မရှိသည် ကိုတွေ့ရကြောငိး၊ သို့သော် ဆေးဝါးများသုံးစွဲထားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ဗောင်ကလည်း လူသတ်မှုများကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ကာ ၎င်းက မိသားစုကို ဒုက္ခဆင်းရဲတွင်းမှ လွတ်မြောက်စေလို၍ ဤသို့ ပြုလုပ်ခဲ့ခြင်းဟုလည်း ပြောခဲ့သည်။
ရုံးတင်စစ်ဆေးမှုတွင် ဗောင်က စွဲချက်များအားလုံးကို ဝန်ခံခဲ့ပြီး တရားရုံးအနေဖြင့် ၎င်းအားမကြာမီသေဒဏ်ပေးစေလိုပါကြောင်းဖြင့် စီရင်ချက်ချအပြီးတွင် ပြောခဲ့သည်။
Ref- Vietnam News
