
၉. ၇. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချပေးမည်၍ ယခုဘဏ္ဍာနှစ် သုံးလကျော်အတွင်း စုစုပေါင်းဒေါ်လာ ၃၆၇ သန်းအထိ ရောင်းပေးထားကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၉၃ သန်း၊ မေလတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးခဲ့သည်။
ဇွန်လတွင်လည်း လေးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁၂၅ သန်း၊ ယခုဇူလိုင်လတွင် နှစ်ကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၆၃ သန်းရှိ၍ ယခုဘဏ္ဍာနှစ် သုံးလအတွင်း စုစုပေါင်းဒေါ်လာ ၃၆၃ သန်းအထိ ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ သီးသန့်ထုတ်ရောင်းပေးနေမှုအပြင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် ဒေါ်လာများကိုလည်း ဇွန်လ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တွင်လည်း ရောင်းချပေးခဲ့ပြီး အဆိုပါ သုံးရက်အတွင်း စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၁၃ သန်း ရောင်းချပေးထားသည်။
ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် ဇွန်လနောက်ဆုံးအပတ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ဓာတ်ဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၁၈၀ နှင့် ဒီဇယ်ဈေးနှုန်းများ တစ်လီတာ ကျပ် ၂၃၀ မှ ကျပ် ၂၈၀ အထိ ထပ်မံမြင့်တက်ခဲ့သော်လည်း ယခုဇူလိုင် ၆ ရက်မှစတင်၍ စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ပြီး အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၀၀ မှ ကျပ် ၁၃၀ ဝန်းကျင် ပြန်လည်ကျဆင်းခဲ့ကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၃၀၁၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၀၇၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၂၆၅ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
