
၈. ၇. ၂၀၂၅
Translated by Thettant
မန်ချက်စတာယူနိုက်တက်အသင်း နွေရာသီအကြို လေ့ကျင့်ရေးကို တနင်္လာနေ့တွင် ပြန်လည်စတင်ခဲ့ရာ ကစားသမား ၅ ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကစားသမားများကို အခြားအသင်းသို့ ပြောင်းရွှေ့နိုင်ရန် အချိန်ပို ပေးထားခြင်း ဖြစ်သည်။
ဂျေဒန် ဆန်ချို၊ အန်တိုနီ၊ မားကပ်စ် ရက်ရှ်ဖို့ဒ်နှင့် တိုင်ရယ် မာလာစီယာတို့သည် နည်းပြ ရူဘင် အန်မိုရမ်၏ အစီအစဉ်များတွင် မပါဝင်တော့ပေ။ ထို့အတူ အလီဂျန်ဒရို ဂါနာချိုမှာမူ နည်းပြချုပ်နှင့် ဆက်ဆံရေး မပြေလည်၍ အသင်းမှ ထွက်ခွာလိုကြောင်း တောင်းဆိုထားသည်။
ဆန်ချိုသည် ပြီးခဲ့သည့်ရာသီတွင် ချယ်လ်ဆီးအသင်း၌ အငှားဖြင့် ကစားခဲ့သော်လည်း တောင်လန်ဒန်အခြေစိုက်ကလပ်က ၎င်းကို အပြီးသတ်ခေါ်ယူရန် စိတ်မဝင်စားခဲ့ဘဲ ထိုရွေးချယ်မှုကို ငြင်းပယ်ခဲ့ခြင်းအတွက် ဒဏ်ကြေး ပေါင် ၅ သန်း (အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်း) ပေးဆောင်ခဲ့သည်။
သို့သော် ဂျူဗင်တပ်စ်အသင်းက ဆန်ချိုကို စိတ်ဝင်စားနေပြီး ယူနိုက်တက်က တောင်ပံကစားသမားအတွက် ပေါင် ၂၅ သန်းခန့် တောင်းဆိုထားသည်။
အန်တိုနီသည် ရီးယဲလ် ဘက်တစ်အသင်း၌ အငှားဖြင့် ကစားခဲ့သည့် ပြီးခဲ့သည့်ရာသီ၏ ဒုတိယပိုင်းတွင် အောင်မြင်မှု ရခဲ့သည်။ အဆိုပါကလပ်သည် လာလီဂါတွင် အဆင့် ၆ ဖြင့် ရပ်တည်နိုင်ခဲ့ပြီး ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဖိုင်နယ်သို့ ရောက်ရှိခဲ့သော်လည်း ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့သည်။

ဘက်တစ်အသင်းက အန်တိုနီကို ထပ်မံခေါ်ယူလိုပြီး ကစားသမားကလည်း စပိန်တောင်ပိုင်းသို့ ပြန်လိုကြောင်း ပြောကြားထားသည်။ သို့သော် ကလပ်၏ ဘဏ္ဍာရေးအခြေအနေနှင့် အန်တိုနီ၏ မြင့်မားသော ပြောင်းရွှေ့ကြေးကြောင့် အငှားမှ အပြီးသတ်ပြောင်းရွှေ့ရန် ခက်ခဲစေမည် ဖြစ်သည်။ ကိုမိုနှင့် ဘေယန် လေဗာကူဆင်တို့ကလည်း အန်တိုနီကို စိတ်ဝင်စားနေသည်ဟု ယူဆရသည်။
ရက်ရှ်ဖို့ဒ်သည်လည်း အက်စတွန် ဗီလာအသင်း၌ အသင့်အတင့် အောင်မြင်သော အငှားခရီးစဉ်ကို ဖြတ်သန်းခဲ့ရသော်လည်း ပြီးခဲ့သည့်ရာသီကုန်ပိုင်းတွင် ဒဏ်ရာကြောင့် ရပ်တန့်ခဲ့ရသည်။ အင်္ဂလန်တိုက်စစ်မှူးသည် ဘာစီလိုနာအသင်း၏ စိတ်ဝင်စားမှုနှင့် ချိတ်ဆက်နေပြီး ဘာစီလိုနာသည် အက်သလက်တစ် ဘီလ်ဘာအိုမှ နီကို ဝီလျံစ်ကို ခေါ်ယူရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် တောင်ပံကစားသမားတစ်ဦးကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။
ယူရိုပါလိဂ် ဖိုင်နယ်တွင် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရပြီးနောက် အသင်းမှ ထွက်ခွာလိုကြောင်း တောင်းဆိုခဲ့သည့် ဂါနာချိုကို ချယ်လ်ဆီးက စိတ်ဝင်စားနေသည်ဟု ယူဆခဲ့ရသော်လည်း ချယ်လ်ဆီးသည် ဂျေမီ ဂစ်တန်နှင့် ဂျိုအာ ပတ်ဒရိုတို့ကို ခေါ်ယူပြီးနောက် တိုက်စစ်မှူးများ ထပ်မံခေါ်ယူနိုင်ခြေ လျော့နည်းသွားခဲ့သည်။
Ref, Xinhua
