၈. ၇. ၂၀၂၅
Written by Nay Moe
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းလိုက်ကြောင်း ပြောကြားခဲ့ပြီး ဆုချီးမြှင့်ရေးကော်မတီသို့ ပေးပို့ခဲ့သည့် ၎င်း၏စာကို အမေရိကန်သမ္မတအား ပြသခဲ့သည်။
အိမ်ဖြူတော်တွင် ထရမ့်ပ်နှင့် ညစာစားပွဲ၌ နေတန်ရာဟုက “သူက ကျွန်တော်တို့ ပြောနေတဲ့အတိုင်းပဲ နိုင်ငံတစ်ခုပြီးတစ်ခု၊ ဒေသတစ်ခုပြီးတစ်ခု ငြိမ်းချမ်းရေးကို ဖန်တီးပေးနေပါတယ်” ဟု ပြောကြားခဲ့သည်။
ထရမ့်ပ်သည် ၎င်းအား ထောက်ခံသူများနှင့် သစ္စာရှိဥပဒေပြုအမတ်များထံမှ နှစ်ပေါင်းများစွာ နိုဘယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသော်လည်း ဂုဏ်သိက္ခာရှိ နိုဘယ်ငြိမ်းချမ်းရေးဆုကို မရရှိခဲ့ခြင်းအပေါ် စိတ်အနှောင့်အယှက်ဖြစ်မိသည်ကိုလည်း လျှို့ဝှက်မထားခဲ့ပေ။
ရီပတ်ဘလစ်ကန်ပါတီဝင် သမ္မတထရမ့်ပ်သည် အိန္ဒိယနှင့် ပါကစ္စတန်အကြား၊ ဆားဘီးယားနှင့် ကိုဆိုဗိုအကြား ပဋိပက္ခများတွင် ကြားဝင်ဖြန်ဖြေပေးခဲ့သည့် ၎င်း၏အခန်းကဏ္ဍများကို နော်ဝေမှ နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက လျစ်လျူရှုမှုကို ခံနေရကြောင်း မကျေမနပ် ပြောကြားခဲ့သည်။
ထို့အတူ ထရမ့်ပ်သည် အီဂျစ်နှင့် အီသီယိုးပီးယားအကြား “ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း”နှင့် အစ္စရေးနှင့် အာရပ်နိုင်ငံအများအပြားအကြား ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ရည်ရွယ်သည့် သဘောတူညီချက်များဖြစ်သော Abraham Accords ကို ဖန်တီးပေးခဲ့ခြင်းအတွက်လည်း ဂုဏ်ယူကြောင်း တောင်းဆိုခဲ့သည်။ Abraham Accords ဆိုသည်မှာ အစ္စရေးနှင့် အာရပ်နိုင်ငံများအကြား သံတမန်ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် သဘောတူညီခဲ့သည့် သမိုင်းဝင် စာချုပ်များ ဖြစ်သည်။ အဆိုပါ သဘောတူညီချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်၏ ဦးဆောင်မှုအောက် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စတင်ကြေညာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်၌ တရားဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အစ္စရေးဝန်ကြီးချုပ်ကဲ့သို့ပင် ပါကစ္စတန်နိုင်ငံသည်လည်း အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ယခုနှစ်အစောပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာပြီးနောက် ငြိမ်းချမ်းမှုရစေရန် အမေရိကန်၏ အပစ်အခတ်ရပ်စဲရေး ကြားဝင်ညှိနှိုင်းပေးမှုအရ မေလ ၈ ရက်နေ့တွင် အပစ်အခတ်ရပ်ဆိုင်းသွားပြီးနောက် ထရမ့်ပ်၏ ပြတ်သားသော သံတမန်ရေးရာ ကြားဝင်ဆောင်ရွက်မှုအတွက် ပါကစ္စတန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် တရားဝင်အမည်စာရင်း ဇွန်လကုန်ပိုင်းတွင် တင်သွင်းခဲ့သည်။
သို့သော်လည်း ထရမ့်ပ်သည် ယူကရိန်းနှင့် ဂါဇာတို့ရှိ စစ်ပွဲများကို ၎င်း၏ ဆွေးနွေးညှိနှိုင်းမှုစွမ်းရည်ဖြင့် အမြန်ဆုံး အဆုံးသတ်နိုင်မည့် “ငြိမ်းချမ်းရေးဖန်တီးသူ” အဖြစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခဲ့သူဖြစ်ပြီး သမ္မတသက်တမ်းငါးလကျော်သည်အထိ ထိုဒေသတို့တွင် စစ်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
Ref, The Srandard , CNN World

