
၈.၇.၂၀၂၅
WrittenWritten by Hey Mar
တွဲကားယာဉ်နောက်လိုက်အဖြစ် အလုပ် လုပ်ကိုင်နေတဲ့ တိုင်းရင်းသားလူငယ်တစ်ဦး လမ်းဘေးမှာ ဦးခေါင်းဒဏ်ရာတွေနဲ့ လဲကျနေပြီး သူဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ရုတ်တရက် မမှတ်မိလို့ လူမှုကူညီရေးအသင်းက တာဝန်ယူ ခေါ်ဆောင် စောင့်ရှောက်ထားပြီးမှ အဆိုပါ လူငယ်ဟာ ဆိုင်ကယ်နဲ့ ဖုန်း ရိုက်နှက်လုယက်ခံရလို့ အခုလို အခြေအနေဖြစ်ပွားခဲ့တယ်ဆိုတာကို နောက်ပိုင်းမှ သိရှိခဲ့ရတယ်လို့ မြရည်နန္ဒာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ဖြစ်ရပ်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ မနေ့က ဇူလိုင်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရရှိသူ လူငယ်က ကိုအောင်ခန့်ချော၊ (အဖ )ဦးအောင်ဆန်းယု ဖြစ်ပြီး ရွာငံမြို့၊ ကဇက်ရွာမှာ နေထိုင်ကာ တွဲကားယာဥ်နောက်လိုက်ဖြစ်လုပ်ကိုင်ရင်း ကျောက်ဆည်မြို့ကို သူယာဉ်နောက်လိုက်လုပ်တဲ့ တွဲကားနဲ့အတူ ကုန်ပစ္စည်း တင်ဆောင်ဖို့ ရောက်ရှိနေတာလို့ သိရပါတယ်။

မြရည်နန္ဒာ လူမှုကူညီရေးအသင်းက ” ဖြစ်သွားတာက ဇူလိုင် ၆ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ် လောက်ကဖြစ်တာ။ ကျောက်ဆည်နဲ့ မန္တလေးကြားမှာ ထွန်တုံးရပ်ကွက်ဆိုတာရှိတယ်။ အဲ့ဒီနားက သင်္ချိုင်းနားမှာ ကောင်လေးက လဲကျနေတာ။ အဲ့ဒါကို အဲ့ဒီဘက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို ရင်းနှီးတော့ သူက ဆက်သွယ်လို့ ကျွန်တော့်ဆီ ည နေ ၆ နာရီလောက် ရောက်လာတာ။ ဒဏ်ရာတွေ ကုသပြုစုတာကို အပြင်ဆေးခန်းမှာပဲ အရင်လုပ်ပေးပြီး သူ့အဖြစ်အပျက်ကို ပုံနဲ့တကွ လူမှုကွန်ရက်မှာ တင်လိုက်တာ။ သိရှိတဲ့သူပေါ်လာပြီး သက်ဆိုင်ရာအကူအညီမယူရသေးခင် လာပြန်ခေါ်သွားပါပြီ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ် ။
မိသားစုဝင်တွေကလည်း ကိုအောင်ခန့်ချောနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့အတွက် လိုက်လံရှာဖွေနေကြတာမို့ မနေ့က ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီကျော်မှာတော့ မိသားစုဝင်တွေနဲ့အတူ ကိုအေင်ခန့်ချော ယာဉ်နောက်လိုက်လုပ်တဲ့ ယာဉ်ကကားဆရာကပါ အတူ လိုက်လံ လာရောက်ခေါ်ယူဆောင်တာမို့ သက်ဆိုင်ရာရှေ့မှာ စနစ်တကျ အပ်နှံခဲ့တယ်လို့ သိရှိရပါတယ်။
