
၅.၇.၂၀၂၅
Written by Thiri
ပြည်တွင်းက လက်နက်ကိုင်တွေ လက်နက်မစွန့်ချင်သရွေ့ ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမှာဖြစ်ပြီး ငြိမ်းချမ်းရေးမရနိုင်သရွေ့လည်း စစ်မှုထမ်းဥပဒေကို ပြန်လည်သုံးသပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ (ရန်ကုန်တိုင်း) ဦးသက်ဇော်က သူတက်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်က အတွေ့အကြုံအပေါ် ပြန်လည်သုံးသပ်စကားဆိုပါတယ်။
အရင်က တိုင်းရင်းသားလက်နက်ကိုင်တွေသာမကဘဲ ဒီ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာမှ ပေါ်ပေါက်လာတဲ့ ဗမာလက်နက်ကိုင်( ဦးသက်ဇော်၏ အသုံးအနှုန်း )အရေးကလည်း ငြိမ်းချမ်းရေးဖိုရမ်မှာ ထည့်သွင်းဆွေးနွေးရမယ့် အရေးလို့ဆိုပါတယ်။ ဒီအရေးကလည်း နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်လာမှသာ ငြိမ်းချမ်းရေးဆွေးနွေးမှု ထိရောက်နိုင်မှာ ဖြစ်ပြီး EAOs မဟုတ်တဲ့ ကျန်တဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကလည်း လက်နက်ရဲ့ အရသာကို တွေ့လာတဲ့အခါ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ ကောင်းမွန်ပြည့်စုံတဲ့ အဖြေထွက်မလာသေးဘူးလို့လည်း သိပါတယ်။

“အဖွဲ့အစည်း အမျိုးမျိုးကတော့ ဆွေးနွေးခဲ့ကြတာပဲ။ ဘာရလဒ်ရလဲဆိုတော့ သိပ်ပြီးပြည့်စုံမှုတော့ မရှိသေးပါဘူး ခင်ဗျ။ လက်နက်ရဲ့ အရသာကို သိပြီး လက်နက်ကိုင်နေသူတွေကို ကျွန်တော်တို့တွေက ငြိမ်းချမ်းရေးယူပါ။ တိုင်းပြည်တည်ဆောက်ရေးမှာပါဝင်ပါလို့ တိုက်တွန်းနေတာက ကြိုးပမ်းဆောင်ရွက်မှုတစ်ခုသာလို့ပဲ ဆိုရမှာပါ။ ဖြစ်မြောက်ဖို့ ခဲယဉ်းနေပါတယ်။ နောက်တစ်ခုက စစ်မှုထမ်းကိစ္စပေါ့ဗျာ။ တချို့ပုဂ္ဂိုလ်တွေက ပြောတယ်။ စစ်မှုထမ်းခေါ်တာကို ရွေးကောက်ပွဲကာလမှာ ရပ်ဆိုင်းစေချင်တယ် ပေါ့။ ဒါတွေလည်း ဖိုရမ်မှာဆွေးနွေးကြတယ်။ အမှန်က တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကျွန်တော်တို့က ဖွဲ့စည်းပုံအတိုင်း လိုက်နာတဲ့ အဖွဲ့အစည်းဆီမှာ အပ်နှံတာနဲ့ ဖွဲ့စည်းပုံမရှိတဲ့ အဖွဲ့အစည်းဆီမှာ အပ်နှံတာ ဘယ်ဟာက ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်မယ်လို့ ထင်လဲပေါ့။ ကျွန်တော်ဒါကိုမေးခွန်းပြန်ထုတ်ချင်တယ်” လို့ ဆိုပါတယ်။
ဇွန်လ ၂၇ ရက်နေ့က ငြိမ်းချမ်းရေးဖိုရမ် ပိတ်ပွဲ သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကာလ ၆ လ ဒါမှဟုတ် တစ်နှစ်အတွင်း ပြည်သူ့စစ်မှုထမ်းစာရင်းကောက်ခံတာတွေ ရပ်ဆိုင်းပေးဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒေါက်တာညိုညိုသင်းက “ စစ်မှုထမ်းဥပဒေကိစ္စကို သေသေချာချာဆွေးနွေးတယ်။ အဲ့ဒီမှာ အန်တီတို့ စကားလုံးရွေးတာက ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော၊ ဝန်ထုပ်ဝန်ပိုးကြီးမားတဲ့ ဒီစစ်မှုထမ်း ဥပဒေကိစ္စအပါအဝင် တခြားကိစ္စများပေါ့။ အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေးပေါ့။ အဲ့ဒါကို သုံးပါတယ်။ ဒါပေမယ့် အဲ့ဒါ နည်းနည်းလေး ပြင်းထန်တော့ ဒီစစ်မှုထမ်းဥပဒေကိုတော့ မကြာခင်ကိုင်တွယ်မယ်။ ဒီရွေးကောက်ပွဲမှာ အန်တီတို့ရဲ့ Recommendation ကတော့ ရွေးကောက်ပွဲကာလမှာ အထူးသဖြင့် ရွေးကောက်ပွဲပြုလုပ်မယ့် ဒေသတွေမှာ ဒီစစ်မှုထမ်းက ခဏတာ စာရင်းကောက်ခံတာကို ရပ်ဆိုင်းပေးဖို့ပေါ့နော်။ ဆိုတော့ ရွေးကောက်ပွဲ အကြိုကာလရယ် ရွေးကောက်ပွဲကာလမှာပေါ့။ ၆ လတာ ဒါမှမဟုတ် တစ်နှစ်ပေါ့။ အဲ့ဒါကလည်း Recommendation ထဲမှာ မဖြုတ်ခိုင်းပါဘူး။ ဒါထည့်လို့ရတယ်။ စကားလုံးပဲ ပြောင်းပေးလိုက်ရတာပေါ့။ အများနားထောင်လို့ သင့်အောင်ပေါ့” လို့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။

ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ရာမှာ အခုဆိုရင် အပတ်စဉ် (၁၂) သင်တန်းဆင်းခဲ့ပြီဖြစ်ကာ အပတ်စဉ် (၁၄) အထိ သင်တန်းခေါ်ယူနေပြီလည်း ဖြစ်ပါတယ်။ အဆိုပါ သင်တန်းသားတွေထဲမှာ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေ၊ ချီးကျူးဂုဏ်ပြုလက်မှတ်တွေ ရရှိခဲ့သူတွေလည်း ပေါ်ထွန်းနေပြီဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၅) မှာဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့တာပါ။ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အားက လက်ရှိတက်ရောက်နေဆဲ အင်အားနဲ့ဆိုရင် ၇၀၀၀၀ ဝန်းကျင်လို့ ခန့်မှန်းရပြီး ရွေးကောက်ပွဲ အလွန်ကာလတွေအထိပါဆိုရင် တစ်သိန်းငါးသောင်းဝန်းကျင်လို့ အင်အား သတ်မှတ်နိုင်တာမို့ တပ်မတော်အနေနဲ့ နောက်ပိုင်းကာလတွေမှာ သင်တန်းခေါ်ယူမှု အကြိမ်ရေလျှော့ချတာ ဒါမှမဟုတ် အင်အားလျှော့ချတာတွေလည်း ပြုလုပ်နိုင်လို့ ဒါကို စိုးရိမ်တကြီးဖြစ်ဖို့မလိုကြောင်းလည်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
သူက “စစ်မှုထမ်းဥပဒေကို ကျွန်တော်ထောက်ခံနေတာမဟုတ်သလို တပ်မတော်ကို အားပေးနေတာလည်း မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့က တို့တာဝန်အရေးသုံးပါးကို နားလည်လက်ခံသူတိုင်း ကျွန်တော်ပြောတာကို နားလည်နိုင်လိမ့်မယ်။ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေတောင်မှ ကလေးပါမကျန် စစ်သားစုဆောင်းနေတာ ကြားနေရတာပဲ။ စည်းစနစ်တကျ လက်နက်တပ်ဆင်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အင်းအားက ကျွန်တော်တို့နိုင်ငံရဲ့ပထဝီ အနေအထားအရ ချိနဲ့နေလို့ မဖြစ်ဘူး။ အရပ်ထဲမှာကြားပါတယ် (ရွှေပြည်သာ မြို့နယ်)။ စစ်မှုထမ်းဖို့အရွယ်ကောင်းယောကျ်ားလေးရှိတဲ့အိမ် လစဉ် ငွေ တစ်သောင်းခွဲ ကောက်တယ်။ မရှိတဲ့ အိမ်က ၅၀၀၀ ကျပ်ပေးရတယ်။ ဒါက ဘယ်ကိုရောက်သွားတဲ့ ငွေတွေလဲ။ ဒီ အဂတိတွေကိုတော့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုပါမယ်” လို့ MT News ကို ပြောပါတယ်။