
၅. ၇. ၂၀၂၅
Translated by Thettant
ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်ရှိ ခရိုင်များစွာကို မုတ်သုန်မိုးများ ဆက်တိုက်ရွာသွန်းမှုက သဘာ၀တရား၏ ဆိုးရွားသောဒဏ်ခတ်မှုဖြစ်လာခဲ့ပြီး လမ်းများနှင့် အနိမ့်ပိုင်းဒေသများကို ရေစီးကြောင်းများအဖြစ် ပြောင်းလဲပစ်ခဲ့ကာ မုတ်သုန်ရာသီ၏ ဒုတိယအကြိမ် မိုးရွာသွန်းခြင်း ယနေ့စတင်ခဲ့ပြီး လာမည့်ရက်များတွင် ပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းခဲ့ရသည်။
ပါကစ္စတန် မိုးလေဝသဌာန (PMD) ၏ ထုတ်ပြန်ချက်အရမူ ယမန်နေ့ညကတည်းက ဘာလိုချီစတန်၏ ခရိုင်များဖြစ်သည့် ဗာခန်တွင် မိုးရေချိန် ၁၇ မီလီမီတာနှင့် ခတ်ဇ်ဒါရ်တွင် ၆ မီလီမီတာ မိုးရွာသွန်းခဲ့ကြောင်း သိရသည်။ မုတ်သုန်မိုးကြောင့် ထိုခရိုင်နှစ်ခု အပါအဝင် ခရိုင်အများအပြားတွင် နေရာအနှံ့ မိုးရွာသွန်းခဲ့ပြီး လာမည့် ၈ ရက်နေ့အထိ မိုး ပိုမိုရွာသွန်းနိုင်ဖွယ်ရှိနေသည်။
ထို့အတွက် မိုးလေဝသဌာနက ဘာလိုချီစတန်ပြည်နယ်ရှိ ခရိုင် ၂၀ တွင် မိုးဆက်တိုက်ရွာသွန်းမှုနှင့် ဒေသခံချောင်းများ၊ မြောင်းများတွင် ရေမျက်နှာပြင်မြင့်တက်လာမှုတို့ကြောင့် မြို့ပြရေကြီးမှုနှင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
အဆိုပါ မိုးလေဝသဖောက်ပြန်မှုနှင့်ဆက်စပ်သော ဖြစ်စဉ်များကြောင့် ပြည်နယ်အတွင်း ရုတ်တရက်ရေကြီးမှုများ၊ မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၆ ဦး အသက်ဆုံးရှုံးခဲ့ပြီးဖြစ်သည့်အပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခတ်ဇ်ဒါရ်နှင့် ဇီယာရတ်ခရိုင်ရှိ အိမ်ခြေတစ်ဒါဇင်ကျော် ပျက်စီးသွားခဲ့သည်။
အဆိုပါ သဘာ၀ဘေးအပေါ် တုံ့ပြန်မှုအနေဖြင့် ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (PDMA) က ကယ်ဆယ်ရေးပစ္စည်းများနှင့် လုပ်အားပေးများစေလွှတ်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကိုလည်း အသင့်အနေအထား ထားရှိခဲ့သည်။ ပြည်သူများကို ချောင်းများ၊ ဆည်များ၊ အပန်းဖြေစခန်းများမှ ဝေးဝေးနေရန် အပြင်းအထန် တိုက်တွန်းထားပြီး ခရီးသွားများအနေဖြင့်လည်း ဤရာသီဥတုကာလအတွင်း မလိုအပ်သော ခရီးသွားလာခြင်းကို ရှောင်ရှားရန် တိုက်တွန်းထားသည်။
တစ်ချိန်တည်းမှာပင် မြို့တော်အစ္စလာမာဘတ်နှင့် ရာဝါလ်ပင်ဒီမြို့တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မုတ်သုန်လေစီးကြောင်းများ ဝင်ရောက်လာသည်နှင့်အမျှ ဆင်းဒ်ပြည်နယ်တောင်ပိုင်းဒေသများတွင်လည်း မနက်ဖြန်မှစ၍ မိုးပိုမိုရွာသွန်းနိုင်ဖွယ်ရှိနေသည်။
Ref , Daily Times