၅.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်မှာ သီရိလင်္ကာနိုင်ငံသား အမျိုးသားတစ်ဦးက စပါးအုံးမြွေသုံးကောင်ကို အတွင်းခံဘောင်းဘီအတွင်းမှာ ဝှက်ပြီးသယ်ဆောင်လာတာကို ဇူလိုင်လ ၂ ရက်က စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ထိုအမျိုးသားကို တောရိုင်းတိရစ္ဆာန်တွေ ပြည်ပကို ခိုးထုတ်ဖို့ ကြိုးပမ်းမှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုထောက်လှမ်းရေးဗဟိုမှ ညွှန်ကြားရေးမှူး ပိုလာဗီ ဘူချာကီရတ်က ဇူလိုင်လ ၁ ရက်မှာ သီရိလင်္ကာနိုင်ငံသား ရှီဟန်ဟာ ဘန်ကောက်မြို့ကို Thai Airways ပျံသန်းမှုခရီးစဉ်အမှတ် TG308 နဲ့ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
နောက်ကြောင်းစစ်ဆေးချက်တွေအရ ရှီဟန်က ဝံပုလွေ၊ မြွေပါ၊ ကတ္တဝါနက်၊ သားပိုက်ကောင်အငယ်စားမျိုး၊ ဖြူကောင်၊ စပါးအုံးမြွေ၊ ဖွတ်၊ ဖားတွေအပါအဝင်နဲ့ လိပ် စတဲ့ သတ္တဝါတွေအပါအဝင် တောရိုင်းတိရစ္ဆာန်တွေကိုမှောင်ခိုဥပဒေမဲ့ သယ်ဆောင်ခဲ့ဖူးသူလို့လည်း ဆိုပါတယ်။ ဒါ့ပြင် ၂၀၂၄ ခုနှစ်ကလည်း ကိုလံဘိုမြို့မှာ တောရိုင်းတိရစ္ဆာန်စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရဖူးတယ်လို့ ပိုလာဗီက ဇူလိုင်လ ၃ ရက်မှာ ပြောခဲ့ပါတယ်။
ဇူလိုင်လ ၂ ရက်မှာတော့ ရှီဟန်ဟာ သူနေတဲ့နေရာကနေ ညနေခြောက်နာရီလောက်မှာ အငှားယာဉ်တစ်စီးနဲ့ ထွက်ခွာလာပြီး သုဝဏ္ဏဘူမိလေဆိပ်ကို ည ခုနစ်နာရီလောက်မှာ ရောက်လာတာပါ။ Thai Airways ကောင်တာမှာစစ်ဆေးခံခဲ့ပြီးနောက် သူ့ရဲ့ ပစ္စည်းသေတ္တာတွေကို လေယာဉ်ပေါ်တင်ဖို့ လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ လေဆိပ်တာဝန်ရှိသူတွေက AoT’s ဥပဒေနဲ့ မညီတာ တစ်စုံတစ်ရာ မတွေ့ခဲ့ရသေးဘူးလို့ ဆိုပါတယ်။
ဒီနောက် တာဝန်ရှိသူတွေက ရှီဟန်ရဲ့ ခန္ဓာကိုယ်ကို ဆက်လက်စစ်ဆေးကြရာမှာ Ball Python လို့ ခေါ် ကြတဲ့ စပါးအုံးမြွေအမျိုးအစားသုံးကောင်ကို ရှီဟန်ရဲ့အတွင်းခံဘောင်းဘီအတွင်းဝှက်ပြီး သယ်ဆောင်လာတာကိုတွေ့ခဲ့ကြတာပါ။
Ball Python လို့ခေါ် ကြတဲ့ စပါးအုံးမြွေအမျိုးတွေက တိုက်ခိုက်ကိုက်တတ်မှုမရှိဘဲ သူတို့မှာကြောက်စိတ်ဝင်လာရင် ဘောလုံးတစ်လုံးအတွင်း ဝင်ရောက်တွန့်ခွေနေတတ်လို့ မြွေအမျိုးအစားတွေအနက် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးခံရတဲ့ ဒုတိယမြောက်အများဆုံးမြွေမျိုးလို့သိရပါတယ်။
တာဝန်ရှိသူတွေက ရှီဟန်ကို သူ့အနေနဲ့ လုပ်ပိုင်ခွင့်မရရှိဘဲ တောရိုင်းတိရစ္ဆာန်တွေကို ပြည်ပပို့ဆောင်ဖို့ကြိုးစားလို့ ထိုင်းနိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ကာကွယ်ရေး ဥပဒေပုဒ်မ ၂၃ နဲ့ တစ်ချိန်တည်းမှာ အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၄၂၊ ၁၆၆ နဲ့ ၂၅၂ တို့ကို ချိုးဖောက်တယ်ဆိုတာ ပြောခဲ့ကြပါတယ်။
အခုအခါမှာတော့ ရှီဟန်ကို တရားဝင်ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေပြုနေကာ ဆက်လက်စုံစမ်းမှုတွေပြုနေတယ်လို့ သိရပါတယ်။
Ref -Bangkok Post


