◾️ မုဒိမ်းမှု ငါးမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်မှုတို့ဖြင့် စွဲချက်တင်ထားခံရသော်လည်း ပါတေးက စွဲချက်အားလုံးကို ငြင်းဆို
၅. ၇. ၂၀၂၅
Translated by Tha Doe
အာဆင်နယ်ဘောလုံးသမားဟောင်း သောမတ်စ်ပါတေး (Thomas Partey) ကို မုဒိမ်းမှုငါးမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု တစ်မှုတို့ဖြင့် တရားစွဲဆိုရန် အင်္ဂလန်နှင့် ဝေးစ် (England and Wales) တွင် ရာဇဝတ်မှုများကို တရားစွဲဆိုရန် အဓိက တာဝန်ယူထားသည့် ပြည်သူ့တရားလိုအဖွဲ့ဖြစ်သော Crown Prosecution Service (CPS) က ခွင့်ပြုလိုက်ကြောင်း သိရသည်။
အသက် ၃၂ နှစ်အရွယ် အာဆင်နယ်ကစားသမားဟောင်း ပါတေးအပေါ် စွပ်စွဲချက်များသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို တိုင်ကြားခဲ့သည့် အမျိုးသမီး ၃ ဦးနှင့် သက်ဆိုင်နေသည်။ ပါတေးသည် အမျိုးသမီးတစ်ဦးကို မုဒိမ်းမှု ၂ မှု၊ ဒုတိယအမျိုးသမီးတစ်ဦးကို မုဒိမ်းမှု ၃ မှုနှင့် တတိယအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှုတို့ဖြင့် ယခု ဇူလိုင် ၄ ရက်က စွဲချက်တင်ထားပြီး ၎င်းသည် လာမည့် ဩဂုတ်လ ၅ ရက်နေ့တွင် လန်ဒန်မြို့ရှိ Westminster တရားရုံးသို့ တရားရင်ဆိုင်ရန် ရောက်ရှိလာရမည်ဖြစ်သည်။
“Crown Prosecution Service က ဒီနေ့မှာ သောမတ်စ်ပါတေးကို မုဒိမ်းမှုများစွာနဲ့ တရားစွဲဆိုဖို့ ခွင့်ပြုလိုက်ပါတယ်။ ဒါဟာ ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို သေသေချာချာ စစ်ဆေးပြီးနောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့နေတွေဟာ Metropolitan ရဲတပ်ဖွဲ့က အရာရှိတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို သက်သေအထောက်အထားတွေကို ပြန်လည်သုံးသပ်ပြီး သင့်တော်တဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး အကြံပေးခဲ့ပါတယ်” ဟု CPS မှ Jaswant Narwal က ပြောကြားခဲ့သည်။
ထို့အပြင် “ကျွန်တော်တို့ အနေနဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုတွေ စတင်နေပြီဖြစ်ကြောင်း လူတိုင်းကို သတိပေးလိုပါတယ်။ တရားခံအနေနဲ့ တရားမျှတတဲ့ စစ်ဆေးခွင့်ရှိပါတယ်။ ဒီကြေညာချက်အပေါ် လူအများ စိတ်ဝင်စားမှု ကြီးမားမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်တဲ့ သတင်းဖော်ပြတာ၊ မှတ်ချက်ပေးတာ ဒါမှမဟုတ် အွန်လိုင်းမှာ အချက်အလက်တွေ မျှဝေတာ လုံးဝမလုပ်ဖို့က အလွန်အရေးကြီးပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
◾️ပါတေး၏ရှေ့နေ၏ ထုတ်ပြန်ချက်
ပါတေး၏ရှေ့နေ Jenny Wiltshire က ကြေညာချက်တစ်ခုတွင် “သောမတ်စ် ပါတေးဟာ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးကို ငြင်းဆိုပါတယ်။ ရဲတပ်ဖွဲ့နဲ့ CPS ရဲ့ သုံးနှစ်ကြာ စုံစမ်းစစ်ဆေးမှု တစ်လျှောက်လုံး သူက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အခုတော့ သူ့ရဲ့နာမည်ကို အပြီးသတ် ရှင်းလင်းခွင့်ရတဲ့ အခွင့်အရေးကို ကြိုဆိုပါတယ်။ လက်ရှိ တရားဥပဒေလုပ်ငန်းစဉ်တွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကျွန်ုပ်ရဲ့ အမှုသည်အနေနဲ့ နောက်ထပ် မှတ်ချက်ပေးလို့ မရပါဘူး” ဟု ပြောကြားခဲ့သည်။
◾️ပါတေး၏ ကစားသမားဘဝ နောက်ကြောင်း
Hertfordshire တွင် နေထိုင်သော ပါတေးကို အာဆင်နယ်မှ စာချုပ်ကုန်ဆုံးပြီး လေးရက်အကြာတွင် စွဲချက်တင်ခဲ့သည်။ ၎င်းသည် ကလပ်တွင် ငါးနှစ်နီးပါး ကစားခဲ့ပြီး ၁၃၀ ပွဲ ကစားကာ ၉ ဂိုး သွင်းယူပေးခဲ့သည်။
၁၉၉၃ ခုနှစ် ဇွန်လတွင် ဂါနာနိုင်ငံ Krobo Odumase ၌ မွေးဖွားခဲ့သော ပါတေးသည် ၂၀၁၂ ခုနှစ်တွင် အက်သလက်တီကို မက်ဒရစ် (Atlético Madrid) သို့ ပြောင်းရွှေ့ခဲ့ပြီး Mallorca နှင့် Leganés တို့တွင် အငှားကစားပြီးနောက် သုံးနှစ်အကြာတွင် ပွဲဦးထွက် ကစားခဲ့သည်။ ၎င်းသည် အက်သလက်တီကို အတွက် ၁၈၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဥရောပလိဂ် ဖလားရရှိရန် ကူညီပေးခဲ့သည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပေါင် ၄၅ သန်းဖြင့် အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး မီခဲလ်အာတီတာက အဓိကဆုဖလားများအတွက် စိန်ခေါ်နိုင်သော အသင်းတစ်သင်းကို တည်ဆောက်ရန် လေးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်။
ပါတေးသည် အာတီတာ၏ ကွင်းလယ်ခံစစ်ပိုင်းတွင် တံတိုင်းကြီးအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မန်ချက်စတာစီးတီးအသင်း၏ နောက်တွင် ဒုတိယနေရာ ရရှိခဲ့စဉ်က ၃၃ ပွဲ ပါဝင်ကစားခဲ့သည်။ နောက်ရာသီတွင်မူ ဒဏ်ရာကြောင့် ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး အာဆင်နယ်သည် မန်စီးတီးနောက်တွင် ဒုတိယနေရာ ထပ်မံရရှိခဲ့ကာ ကလပ်တွင် ၎င်း၏ကစားချိန်မှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်း ကလပ်တွင် ၎င်း၏နောက်ဆုံးရာသီ၌မူ ဒဏ်ရာပြဿနာများကို ကျော်လွှားနိုင်ခဲ့ပြီး ၅၂ ပွဲ ပါဝင်ကစားခဲ့ကာ အာဆင်နယ်သည် ယခုတစ်ကြိမ် လီဗာပူးနောက်တွင် ဒုတိယနေရာ ရရှိခဲ့သလို ကရာဘောင်ဖလားနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ပါတေးသည် ဂါနာအတွက်လည်း ၅၃ ပွဲ ကစားခဲ့ပြီး ၁၅ ဂိုး သွင်းယူပေးခဲ့သည်။
◾️ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု
Metropolitan ရဲတပ်ဖွဲ့အတွက် စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသော အကြီးတန်းရဲအရာရှိဖြစ်သူ Andy Furphy က “ကျွန်တော်တို့ရဲ့ ဦးစားပေးအချက်ကတော့ ရှေ့ထွက်လာတဲ့ အမျိုးသမီးတွေကို အထောက်အပံ့ပေးဖို့ပါပဲ။ ဒီကိစ္စကြောင့် ထိခိုက်နစ်နာခဲ့ရသူ ဒါမှမဟုတ် သတင်းအချက်အလက်ရှိသူ မည်သူမဆို ကျွန်တော်တို့အဖွဲ့နဲ့ စကားပြောဖို့ တောင်းဆိုချင်ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး စုံထောက်တွေကို CITmet.police.uk ကို အီးမေးလ်ပို့ပြီး ဆက်သွယ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
◾️အာဆင်နယ်၏ ထုတ်ပြန်ချက်
ပါတေး၏ အသင်းဟောင်းဖြစ်သည့် အာဆင်နယ်ကမူ သောကြာနေ့ညပိုင်းက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာ၌ “ကစားသမားရဲ့ စာချုပ်က ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးခဲ့ပါတယ်။ လက်ရှိ တရားဥပဒေလုပ်ငန်းစဉ်တွေကြောင့် ကလပ်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးလို့ မရပါဘူး” ဟု ဖော်ပြပါရှိခဲ့သည်။
Ref , The Guardian


