၅.၇.၂၀၂၅
Written By Thandar
ယနေ့ ဇူလိုင် ၅ ရက်မှာ ရုပ်ရှင်ချစ်မြတ်နိုးသူတွေအတွက် လေးနှစ်ကျော်ပိတ်ထားခဲ့တဲ့ “မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်” ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဝန်းအတွင်းမှာ ပြန်လည်စတင်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်သမိုင်းပြတိုက်ကို ဖွင့်လှစ်ခဲ့တာကြာပါပြီ။ ဒါပေမယ့် ကိုဗစ်ကာလရယ် တခြားအကြောင်းကြောင်းကြောင့် ခေတ္တပြန်ပိတ်ထားခဲ့တာပါ။ သန့်ရှင်းရေးတွေလုပ်ပြီး ပြန်လည်ပြုပြင်မွမ်းမံပြီး ခုတော့ ပြန်လည်ဖွင့်လှစ်လိုက်တာပါ။ ခေတ်ကာလအပေါ်မူတည်ပြီး ဝတ်စားဆင်ယင်မှုတွေ မြင်တွေ့ရမှာပါ။ ပြတိုက်ဖွင့်ချိန်မှာ တချို့ကတော့ ကျောင်းတွေ လာရောက် လေ့လာကြတာတွေလည်း ရှိပါတယ်။ သံရုံးဘက်က လူတွေ လာရောက်လေ့လာကြတာတွေလည်းရှိတယ်။ နိုင်ငံခြားသားတွေ လာရောက်လေ့လာကြပါတယ်။ မြန်မာ့ရုပ်ရှင် အနုပညာရုပ်ရှင်ကို ချစ်မြတ်နိုးသူတွေ၊ ရုပ်ရှင်သမိုင်းကြောင်းတွေကို သိရှိလိုသူတွေအတွက်လည်း ဗဟုသုတတွေ ရရှိမှာပါ။ မည်သူမဆို ဝင်ကြေးတစ်ဦးကို ကျပ်တစ်ထောင်နှုန်းနဲ့ လာရောက်လေ့လာကြည့်ရှုနိုင်ပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ရုပ်ရှင်သမိုင်းပြတိုက်ကိုတော့ ပြီးခဲ့တဲ့ အကယ်ဒမီလူမင်း ဥက္ကဋ္ဌ စလုပ်ကတည်းက ဖွင့်လှစ်ဖို့အတွက် အကြိမ်ကြိမ်ပြုပြင်မွန်းမံခဲ့ပြီး ဥက္ကဋ္ဌ ဒါရိုက်တာ ညီညီထွန်းလွင် လက်ထက်မှာ ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကာလကြောင့် ပြတိုက်ကို ပြန်လည်ပိတ်ခဲ့တာဖြစ်ပြီး ယခု ဇူလိုင်လကစ စနေနဲ့ တနင်္ဂ နွေနေ့ ပိတ်ရက်တွေမှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
၁၉၉၅ ခုနှစ် မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်ပွဲ ကျင်းပချိန်မှာ ရှေးဟောင်း ရုပ်ရှင်ကြော်ငြာ၊ လက်ကမ်းစာဆောင် စတဲ့ပစ္စည်းတွေကို လာရောက်အပ်နှံကြသူတွေကြောင့် ပြတိုက်ဖြစ်တည်လာတာလည်းဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့မှာ ပထမပြတိုက်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်းများစွာကြာမြင့်မှ ပြန်လည် ပြုပြင်မွမ်းမံရာကနေ ပြန်လည်ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။
ရွှေရတု၊ ငွေရတု၊ စိန်ရတု၊ ရာပြည့်အခန်းဆိုပြီး အခန်း ၄ ခန်း၊ စက်မှုအခန်းတွေနဲ့ ရုပ်ရှင်စပေါ်ကတည်း လက်လှည့်ကင်မရာတွေကို အဆင့်ဆင့်ပြသထားသလို ရုပ်ရှင်ထူးချွန်ဆုပြတိုက်မှာ ၁၉၅၂ ခုနှစ် အကယ်ဒမီရရှိထားသူတွေရဲ့ အကယ်ဒမီဆုရပြခန်း စုစုပေါင်းအခန်း ၆ ခန်းနဲ့ ဖွဲ့စည်းဖွင့်လှစ်ထားရှိထားတာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်သမိုင်းပြတိုက် ဝင်ကြေးအနေနဲ့ တစ်ဦးကို ကျပ် ၁ထောင်နှုန်းနဲ့ နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီ အထိ အစိုးရရုံးပိတ်ရက်တွေမှာ ဖွင့်လှစ်ပြသမှာဖြစ်ပါတယ်။ ဒီပြတိုက်ကိုတော့ ရုပ်ရှင်ချစ်သူတွေ၊ ရုပ်ရှင်ဝါသနာရှင်တွေနဲ့ ရုပ်ရှင်သမိုင်းကို စိတ်ဝင်စားသူတွေက လေ့လာကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
#MMPA #MyanmarMovie #ရုပ်ရှင်သမိုင်းပြတိုက် #MyanmarMotionPictureAssociation #မြန်မာရုပ်ရှင်#သမိုင်းပြတိုက်
#MyanmarMotionPictureMuseum









