
MT News
၅. ၇. ၂၀၂၅
ထော်လာရီ တိမ်းမှောက်၊ တိုက်မိမှုဖြစ်စဉ်များကြောင့် တစ်နေ့တာအတွင်း အမျိုးသားနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်နှင့်၊ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်များမှာ ဇူလိုင် ၂ ရက် ည ၁၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ “ဆန်ဖိုးနား” အထည်ချုပ်စက်ရုံအနီး၌ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ လှိုင်ဘွား(၂၈)နှစ် မောင်းနှင်ပြီး သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျေးရွာနေ မင်းမင်းလတ်(၅၄)နှစ် လိုက်ပါလာသည့် ထော်လာဂျီယာဉ်သည် သီလဝါလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် “ဆန်ဖိုးနား” အထည်ချုပ်စက်ရုံအနီးအရောက်၌ နောက်ဘီးပြုတ်ထွက်ကာ တိမ်းစောင်းသွားခဲ့သဖြင့် မင်းမင်းလတ်မှာ ယာဉ်ပေါ်မှပြုတ်ကျပြီး ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ယာဉ်မောင်းလှိုင်ဘွားအား သန်လျင်မြို့မရဲစခန်းက ယာဉ်(ပ) ၁၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့အတူ ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ကျောက်နီတောရကျောင်းအဆင်းလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ညောင်ရွှေမြို့နယ်၊ ပုံ့မူကျေးရွာနေ အောင်နိုင်မိုး(၃၅)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဝင်းလှိုင်ဦး(၃၉)နှစ် လိုက်ပါလာသည့် ထော်လာဂျီယာဉ်သည် မိုင်းသောက်-မြောင်ကြီးကျေးရွာချင်းဆက် လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ဦးတင်ဝင်း၏ နေအိမ်ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် အောင်နိုင်မိုးမှာ အခင်းဖြစ်စဉ်က ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် အောင်နိုင်မိုး အား ညောင်ရွှေမြို့မရဲစခန်းက ယာဉ်(ပ)၁၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
