




၃၀.၆.၂၀၂၅
Written By Thandar
Lotus Film Production က ဒုတိယမြောက် ဟာသဇာတ်လမ်းပုံစံ “သကြားကိုကို”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၃၀ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေး အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီသကြားကိုကိုဇာတ်ကားထဲမှာ ထက်က ပထမဦးဆုံးရုပ်ရှင်ကားဖြစ်လို့ ရင်ခုန်တယ်။ ကိုယ်က ဒီကားမှာ အငယ်ဆုံးလို ဖြစ်နေတော့လေ။ ကိုဖြိုးငွေစိုး၊ ကိုမြင့်မြတ်နဲ့ ဦးခင်လှိုင်တို့အပြင် တခြားအနုပညာရှင်တွေလည်း သင်ကြားပံ့ပို့ပေးကြတယ်လေ။ အားလုံးက နွေးနွေးထွေးထွေးရှိတော့ ကိုယ့်အတွက် အလုပ်သစ်တစ်ခု လုပ်နေတယ်လို့ မခံစားရေတာ့ဘူး။ ဟာသဇာတ်ကားလေးမို့ ပရိသတ်တွေ ပျော်ရွှင်ရယ်မောရမှာပါ”လို့ Bobby Soxer က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း 7 Days၊ ဇာတ်ညွှန်း စွမ်းပိုင်က ရေးသားပြီး တွဲဖက်ဒါရိုက်တာ အောင်သူ (စနိုးဝှိုက်)၊ ဒါရိုက်တာ အကယ်ဒမီ ညွှန့်မြန်မာညီညီအောင်က ရန်ကုန်နဲ့ ပြင်ဦးလွင်တို့ဘက်မှာ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်အမီ မြင့်မြတ်၊ ဖြိုးငွေစိုး၊ ရဲရင့်အောင်၊ တင်မောင်ဆန်းမင်းဝင်း၊ ခင်လှိုင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ Bobby Soxer၊ ဧည့်သည်သရုပ်ဆောင် DoubleJ ၊ ရတနာဗိုလ်၊ ကေညီ၊ ဆူး၊ မျိုးမျိုးခိုင်၊ ရဲလေးမ၊ အောင်မျိုးသူနဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
“သကြားကိုကို”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။
