
၂၇.၆.၂၀၂၅.
Translated by Htwe Ko Tun
ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် က တစ်ချိန်က သူကိုယ်တိုင် ညီနောင်ရဲဘက်တွေအဖြစ်ခေါ်ဆိုခဲ့တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ သူ့အပေါ်သစ္စာဖောက်တယ်လို့ စွပ်စွဲပြောကြားမှုကိုပေးပို့ခဲ့ပြီး သူ့အနေနဲ့ သက်ဆင်က ထိုင်းသက်ဦးဆံပိုင်ဘုရင်စနစ်ကို သစ္စာဖောက်တာအပါအဝင် နိုင်ငံတော်သစ္စာဖောက်တဲ့ ဆောင်ရွက်ချက်တွေကို ထုတ်ဖော်ပြောရလိမ့်မယ်လို့ သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဟွန်ဆန်က သူ့ကို ဘယ်လိုတုံ့ပြန်လာမလဲ အရင်စောင့်ကြည့်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဟွန်ဆန် က “ကျွန်တော့်အပေါ် သူများတွေက အရင်သစ္စာဖောက်ကြတာကို ကျွန်တော်ခံနိုင်ပါတယ်။ ကျွန်တော်ကတော့ ဘယ်တော့မှ စပြီးသစ္စာဖောက်မှာမဟုတ်ဘူး။ အခုဆိုလည်းကျွန်တော် သစ္စာဖောက်ခံလိုက်ရပြီ။ သက်ဆင်နဲ့ သူ့မိသားစုက သူတို့နိုင်ငံအပေါ် သစ္စာဖောက်ဖို့ လုပ်ခဲ့တာဖွင့်ပြောမလား ကျွန်တော်ခံစားမိတယ်။ ဒါကသတိပေးချက်ပဲပေါ့” လို့ ဟွန်ဆန်က ဇွန်လ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဟွန်ဆန်က ဇွန်လ ၂၇ ရက်ကျရင် သူ့အနေနဲ့ ကမ္ဘောဒီးယား-ထိုင်းဆက်ဆံရေးအခြေအနေကို နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးလိုလားတဲ့ပြည်သူတွေကို ဆက်ဆံရေးရဲ့ သဘာဝကိုနားလည်ဖို့ ရှင်းလင်းသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် ဟွန်ဆန် က “ဝန်ကြီးချုပ်ဖြစ်လာဖို့ ကျွန်တော်က ကူညီပေးလို့ မြင့်တက်လာခဲ့တဲ့မိသားစုက ခုလို ပြဿနာတွေဖြစ်အောင်လုပ်လာလိမ့်မယ်လို့ ကျွန်တော်ဘယ်တုံးကမှ မတွေးခဲ့ဘူး။ တစ်ကြိမ်မှာ သူတို့ အာဏာရနေပြီလို့ ပြောတယ်။ နောက်တစ်ကြိမ်မှာတော့ မရသေးဘူးပြောပြန်ရော။ ဒီအတွက်လည်း ကျွန်တော်ပြောရလိမ့်မယ်” လို့ သူက သက်ဆင်ရဲ့သမီး ဝန်ကြီးချုပ် ပေတုံတန်ကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။
ဟွန်ဆန်က သက်ဆင်ကို ဝေဖန်ပြောကြားမှုတွေဆက်လက် ပြုလုပ်ခဲ့ပါသေးတယ်။
သူက “ခင်ဗျားအနေနဲ့ အထက်စီးကနေ မောက်မောက်မာမာပြောမယ်ဆိုရင် ခင်ဗျား ကျွန်တော့်ကို ပြောခဲ့တာအားလုံး ဖွင့်ပြောရလိမ့်မယ်။ ခင်ဗျားရဲ့သားသမီးတွေကို ဆုံးမပါ။ ခင်ဗျားသားသမီးတွေမှာ ဝန်ကြီးချုပ်တစ်ယောက်လည်းပါတယ်။ ကျွန်တော့မှာလည်း သားတစ်ယောက်က ဝန်ကြီးချုပ်ပဲ။ ကျွန်တော့်ကို ခင်ဗျားအနေနဲ့ စိတ်ကြိုက်လိုသလို လုပ်လို့ရမယ်တော့ မထင်ပါနဲ့။ ကျွန်တော့်အနေနဲ့ ထိုင်းနိုင်ငံကို ပေးဆပ်စရာ အကြွေးတင်နေတာ ဘာမှမရှိဘူး” လို့ သက်ဆင်ကို ရည်စူးပြီးပြောခဲ့ပါတယ်။
ဒါ့အပြင် ဟွန်ဆန်က ” သက်ဆင်မိသားစုကသာ ကျွန်တော့အပေါ်မှာ ကျေးဇူးတင်ဖို့ ကြွေးတင်နေတာပါ။ ဒါပေမယ့် သူက ဒါကို အလေးမထားဘူး။ကျွန်တော်ကလည်း စွက်ဖက်မှုကင်းကင်းနဲ့ ညီမျှတဲ့ဆက်ဆံရေးကိုပဲ လိုချင်ပါတယ်” လို့လည်းပြောခဲ့ပါတယ်။
ဟွန်ဆန်နဲ့ သက်ဆင်တို့မိသားစုနှစ်ခုဟာ တစ်ချိန်က ရင်းနှီးဖော်ရွေတဲ့ သံယောဇဉ်နဲ့ဆက်ဆံမှုတွေရှိခဲ့ကြပါတယ်။ သက်ဆင်နဲ့ ညီမဖြစ်သူ ယင်လတ်တို့ နှစ်ဦးစလုံးဟာ ဝန်ကြီးချုပ်ရာထူးကိုစွန့်လွှတ်ကြပြီးတဲ့နောက် ဟွန်ဆန်ရဲ့ အိမ်မှာနေခဲ့ကြဖူးပါသေးတယ်။
ဟွန်ဆန်ကတော့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်တစ်ယောက်တက်လာရင် လက်ရှိ ကမ္ဘောဒီးယားနဲ့ ဖြစ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်မယ်လို့မျှော်လင့်တယ်လို့ ဆိုပါတယ်။
Ref- Nation Thailand
