
၂၇.၆.၂၀၂၅
Written By Zun
TNLA အဖွဲ့က ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ ကို တပ်မတော်က လေကြောင်းဖြင့် ယနေ့ ဇွန်လ ၂၇ ရက် နံနက်ပိုင်းအချိန် ဇွန်လ ၂၆ ရက် ည သန်းခေါင် ၁၂ နာရီ မိနစ် ၅၀ ခန့် အချိန်တွင် ရှင်းလင်းခဲ့သောကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ ရပ်ကွက် (၇) ရှိ TNLA အခြေပြုရာ ဆောက်လုပ်ရေးရုံးသို့ တပ်မတော်က လေကြောင်း ဖြင့် နှစ်ကြိမ်ခန့် ဗုံးကြဲခဲ့ခြင်းကြောင့် အသက် ၄၉ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ အသက် ၁၉ နှစ်နှင့် အသက် ၁၇ နှစ်အရွယ် နှစ်ဦး ဒဏ်ရာရခဲ့ကာ နေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

“TNLA က ကျောက်မဲ မြို့ပေါ် ဆောက်လုပ်ရေး ရုံးမှာ အခြေစိုက်တယ်လေ။ တပ်ဖက်က ဗုံးကြဲတော့လည်း အနီးအနားက ထိကြမှာပဲ။ ဘာပဲ ဖြစ်ဖြစ် TNLA နဲ့ နီးနီးနးနား မနေသင့်ဘူး။ ကိုယ်တွေက ကြားက မြေစာပင်။ အားလုံး သတိနဲ့ နေသင့်ပါတယ်။ အခုက တပ်ဖက်က မြေပြင်မှာ အင်အား ထောင်ချီ အသာစီး ရထားတာ”ဟု ကျောက်မဲ ဇာတိ အမျိုးသားတစ်ဦးက MT News သို့ သူ သိရှိသမျှကို ပြောပြသည်။
လက်ရှိတွင် တပ်မတော် အနေဖြင့် TNLA ထိန်းချုပ်ထားသည်ဆိုသော နောင်ချိုမြို့ကို ပြန်လည် ထိုးစစ် ဆင်လျက်ရှိရာ မြေပြင် အသာစီးရရှိနေပြီးနောက် ယခုအခါ ကျောက်မဲမြို့ကိုပါ လေကြောင်းဖြင့် ရှင်း လင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် TNLA များ စုဝေးရာ နေရာများသို့ တပ်မတော်က လေကြောင်းရှင်းလင်းမှုကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်၊ ဇွန်လ ၂၅ ရက်တို့တွင် လုပ်ဆောင်ခဲ့သေးကြောင်းလည်း သိရသည်။
