
MT News
၂၇. ၆. ၂၀၂၅
အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများကို ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနေ့တွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်ကျင်းပခဲ့ပြီး တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများ ဖျက်ဆီးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် ထူးချွန်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။

ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခြင်း အစီအစဉ်များကို တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးမြို့၊ ကသာမြို့နှင့် ရွှေဘိုမြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘိန်း ၁,၃၃၄ ကီလိုကျော်၊ ဘိန်းဖြူ ၁,၇၄၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၁ သန်းကျော်၊ အိုက်စ် ၁၆,၂၁၀ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၂၁၅ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၁၄ ကီလိုကျော်၊ ဆေးခြောက် ၅၉၇ ကီလိုကျော်နှင့် ကက်တမင်း ၈,၅၇၃ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁,၀၇၂ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်)တို့အား ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိကာ ဖျက်ဆီး နိုင်ခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ ငွေကျပ် ၉၇၂ ဒသမ ၄၆၁ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
