
၂၇. ၆. ၂၀၂၅
Written by Nyein Kyaw
ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက်စက်ရုံကို သွားရောက်လေ့လာခဲ့သည်။
Minsk Tractor Works ထွန်စက်စက်ရုံသို့ SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင် ဘယ်လာရုစ်နိုင်ငံ၊ စက်မှုဝန်ကြီး မစ္စတာအက်ဖီမော့ဗ် အေဗွီနှင့် စက်ရုံညွှန်ကြားရေးမှူးချုပ် မစ္စတာအဗရာမင်ကိုအက်စ်အေတို့က ကြိုဆို နှုတ်ဆက်ခဲ့ပြီးနောက် SAC ဥက္ကဋ္ဌနှင့်အတူ အဆိုပါ စက်ရုံအတွင်း လေ့လာကြည့်ရှု့ခဲ့ကြသည်။

SAC ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ယနေ့ သွားရောက်လေ့လာသည့် Minsk Tractor Works (MTW) စက်ရုံသည် ထွန်စက်တင်ပို့မှုအများဆုံး ကမ္ဘာ့ထိပ်တန်း ၁၀ ခုတွင် ပါဝင်ပြီး အဆိုပါစက်ရုံမှ ထုတ်လုပ်သည့် ထွန်စက်များကို နိုင်ငံပေါင်း ၁၂၀ ကျော်တွင် အသုံးပြုနေခြင်းဖြစ်သည်။
အဆိုပါ စက်ရုံမှ ထုတ်လုပ်သည့် ထွန်စက်နှင့် လယ်ယာစိုက်ပျိုးရေးသုံး စက်ကရိယာများအား ရုရှားနိုင်ငံ၊ လက်တင်အမေရိကနိုင်ငံများ၊ ယူကရိန်းနိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
