
သတိုး
၂၇. ၆. ၂၀၂၅
မြန်မာစံတော်ချိန်အရ ဇွန်လ ၂၉ ရက် နံနက် ၆ နာရီခွဲလောက်မှာ Prelims စတင် ကြည့်ရှုရမယ့် UFC 317 ပြိုင်ပွဲမှာ မြန်မာ့အလံကို လေးစားမြတ်နိုးစွာ ကမ္ဘာသိအောင် သယ်ဆောင်ပေးလာခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် Joshua Van နဲ့ UFC ဖလိုင်းဝိတ်ရဲ့ အဆင့် (၁) နေရာက နာမည်ကျော်တိုက်ခိုက်ရေးသမား Brandon Royval တို့ ထိပ်တိုက်တွေ့ဆုံမယ့်ပွဲက ကမ္ဘာနဲ့ မြန်မာ့ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေမှာ သေချာပါတယ်။
Main Card မှာ ရှိနေတဲ့ Royval နဲ့ Van တို့ပွဲက မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက် မနက် ၈ ခွဲလောက်က စကြည့်ရဖွယ်ရှိနေသလို ဒီပွဲဟာ မြန်မာ့လူငယ်လေး Van အတွက် ခက်ခဲပြင်းထန်တဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး UFC မှာ အကောင်းဆုံး ရှုံးနိမ့်သူဖြစ်နေရတဲ့ Royval အတွက်လည်း သူ့ရဲ့နေရာကို ကာကွယ်ဖို့ အရေးကြီးတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။
◾ အတွေ့အကြုံရှိတဲ့ စိန်ခေါ်သူ Royval
Brandon “Raw Dawg” Royval ဟာ UFC ဖလိုင်းဝိတ်တန်းမှာ ထိပ်တန်းနေရာယူထားသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မြန်ဆန်တဲ့လှုပ်ရှားမှုတွေ၊ အစွမ်းထက်တဲ့ ထိုးသတ်မှုပုံစံတွေနဲ့ နာမည်ကြီးပါတယ်။ သူဟာ မကြာသေးခင်ကမှ ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja နဲ့ ချန်ပီယံခါးပတ်လုပွဲ ထိုးသတ်ခဲ့ပြီး အနိုင်မရခဲ့ပေမဲ့ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့ပါတယ်။ Royval ဟာ မြေပြင်တိုက်ခိုက်မှု (Grappling) မှာလည်း ကျွမ်းကျင်ပြီး ဘယ်နေရာကနေမဆို ပြိုင်ဘက်ကို Submission နဲ့ အနိုင်ယူနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ အတွေ့အကြုံနဲ့ ထိုးသတ်ဟန်က Van အတွက် လွယ်ကူတဲ့ပြိုင်ဘက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး။
Royval အနေနဲ့ Van ကို နိုင်ဖို့ဆိုရင် Van ရဲ့ မြန်နှုန်းနဲ့ ပြင်းထန်တဲ့ ထိုးသတ်ချက်တွေကို ထိန်းချုပ်ပြီး သူ့ရဲ့ မြေပြင်တိုက်ခိုက်မှု အားသာချက်နဲ့အသာစီးယူဖို့ လိုအပ်ပါလိမ့်မယ်။ Royval ဟာ အရှုံးပေးဖို့ လုံးဝမစဉ်းစားတတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်ဖြစ်တာကြောင့် ဒီပွဲဟာ ပရိသတ်တွေအတွက် ပြင်းထန်တဲ့ ဖိုက်တင်ပွဲတစ်ပွဲ ဖြစ်လာမှာပါ။

◾ မြန်မာ့သွေးနဲ့ တက်သစ်စကြယ်ပွင့်လေး Van
Joshua Van ဟာ UFC ကို ဝင်ရောက်လာတာ သိပ်မကြာသေးပေမဲ့ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သူပါ။ သူ့ရဲ့ မကြောက်မရွံ့ထိုးသတ်ဟန်၊ ပြင်းထန်တဲ့ ထိုးသတ်ချက်တွေနဲ့ Knockout အနိုင်ယူနိုင်စွမ်းတွေက သူ့ကို ထိပ်တန်းပြိုင်ဘက်တွေနဲ့ တန်းတူယှဉ်ပြိုင်ခွင့် ရရှိစေခဲ့ပါတယ်။ Van ဟာ မြန်မာ့သွေးပါပြီး ပြိုင်ပွဲတိုင်းမှာ မြန်မာ့အလံကို ဂုဏ်ယူစွာ သယ်ဆောင်လေ့ရှိတာက မြန်မာပရိသတ်တွေကြားမှာ သူ့ကို ပိုပြီးချစ်ခင်အားပေးလာစေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ Van အနေနဲ့ ဒီပွဲမှာ Royval လို ထိပ်တန်းအတွေ့အကြုံရှိတဲ့ ကစားသမားနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ သူ့ရဲ့ မြန်နှုန်း၊ ပြင်းထန်တဲ့ ထိုးသတ်ချက်တွေနဲ့ Royval ရဲ့ မြေပြင်တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်းရှိ မရှိက အဆုံးအဖြတ်ပေးနိုင်မှာပါ။ Van ရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ အနိုင်ရလိုစိတ်က သူ့ကို ဒီပွဲမှာ အကောင်းဆုံး ကြိုးစားဖို့ တွန်းအားပေးပါလိမ့်မယ်။
◾ အမေရိကန်သမ္မတ လာကြည့်ဦးမလား
ပြီးခဲ့တဲ့ UFC 316 မှာ အမေရိကန်သမ္မတ Donald Trump ဟာ လာရောက်ကြည့်ရှုခဲ့ပြီး သူ့ကို Maincard ပွဲတွေအစမှာ ပရိသတ်က မြင်လိုက်ရတာမို့ အောက်ပွဲ ပွဲကြို Preliminary မှာ လာထိုးသတ်တဲ့ Bruno Silva နဲ့ Joshua Van ပွဲကို မကြည့်လိုက်ရဘူးလို့ မြန်မာပရိသတ်တချို့ပြောကြပေမဲ့ သတင်းဌာနတွေမှာတော့ Trump ဟာ ပွဲအစကတည်းက UFC ဥက္ကဋ္ဌ Dana White နဲ့ တက်လာကြည့်တာလို့ ဆိုကြပါတယ်။ Donald Trump ဟာ UFC ပွဲတွေကို အမြဲလိုလို လာရောက်အားပေးလေ့ရှိပြီး ပွဲကြီးပွဲကောင်းတွေမှာ သူ့ကို မကြာခဏ တွေ့ရတတ်ပါတယ်။ UFC 317 မှာလည်း ပွဲကောင်းများစွာ ပါဝင်နေတာကြောင့် Trump လာရောက်အားပေးနိုင်ခြေ အတော်လေး မြင့်မားပါတယ်။ သူလာရောက်မယ်ဆိုရင်တော့ ပွဲရဲ့ အရှိန်အဝါက ပိုပြီး မြင့်တက်လာမှာပါ။
ပိုပြီးတော့ အားရစရာထပ်ဖြစ်လာနိုင်တာက Royval နဲ့ Van ဟာ Co Main ပွဲအောက်မှာ တတိယခေါင်ပွဲထိုးသတ်ရမှာဖြစ်လို့ ပြီးခဲ့တဲ့ ပထမသက်တမ်းမှာ မြန်မာနိုင်ငံကို မီဒီယာတွေရှေ့ မသိဘူးပြောပြီး ဒုတိယသက်တမ်းမှာတော့ မြန်မာနိုင်ငံက စစ်ပွဲကြာရှည်စေမယ့် USAID ကို ဖျက်သိမ်းပြီး မြန်မာအဓိကရုဏ်းဖန်တီးသူတွေ နှစ်စဥ်ရနေတဲ့ ဒေါ်လာသန်း ၃၀၀ လောက် ဖြတ်ချလိုက်တာ၊ ဒီလို အဓိကရုဏ်းဖန်တီးသူတွေရဲ့ မိသားစုတွေပဲ အဓိကရနေတဲ့ ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ သန်း ၅၀ လောက် ဖြတ်တောက်တာလုပ်ပြီး ဒီလိုဖြတ်တောက်နေတာကို ဝမ်းသာအားရ လူထူတိုင်းပြောနေတဲ့ အမေရိကန်သမ္မတကြီးဟာ မြန်မာ့အလံကိုခြုံပြီး ပွဲထွက်လာမယ့် Van ကို အသေအချာ ရှုစားသွားရတော့မှာပါ။ ဒါဟာလည်း UFC ၊ မြန်မာနိုင်ငံနဲ့ Van ကို သိက္ခာတက်စေမယ့် အချင်းအရာပါ။

◾ ဘယ်သူနိုင်မလဲ
Royval နဲ့ Van ဘယ်သူနိုင်မလဲဆိုတဲ့ ဒီပွဲရဲ့ ရလဒ်ကို ခန့်မှန်းဖို့က ခက်ခဲပါတယ်။ Royval က အတွေ့အကြုံ၊ မြေပြင်တိုက်ခိုက်မှုနဲ့ ကြံ့ခိုင်မှုတွေမှာ အသာစီးရနိုင်ပါတယ်။ ဒါပေမဲ့ Joshua Van ရဲ့ ပြင်းထန်တဲ့ ထိုးသတ်ချက်တွေနဲ့ မကြောက်မရွံ့ထိုးသတ်ဟန်က ဘယ်ပြိုင်ဘက်ကိုမဆို အချိန်မရွေး အလဲထိုးနိုင်စွမ်းရှိပါတယ်။
ပွဲက ရပ်တည် ထိုးသတ်မှုများရင် Van အတွက် အသာစီးရနိုင်ပြီး မြေပြင်တိုက်ခိုက်မှုများရင်တော့ Royval အတွက် အခွင့်အရေး ပိုများပါလိမ့်မယ်။ အားလုံးကတော့ ဘယ်သူက သူ့ရဲ့ အားသာချက်တွေကို ပိုပြီး ထိရောက်စွာ အသုံးချနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
Brandon Royval ဟာ ထိုးသတ်ဟန်မှာ အားသာချက်များစွာရှိသလို အားနည်းချက်အချို့လည်း ရှိပါတယ်။ သူ့ရဲ့ အားနည်းချက်တွေထဲက တစ်ခုကတော့ နပန်းလုံးတဲ့အပိုင်း (Wrestling) ဖြစ်ပါတယ်။ အထူးသဖြင့် ပြိုင်ဘက်ရဲ့ ဖမ်းဆွဲခြင်းနဲ့ မြေပြင်ပေါ်ကို လှဲချခြင်း (Takedown Defense) မှာ အားနည်းချက်ရှိတယ်လို့ မှတ်ချက်ပြုကြပါတယ်။ တချို့ပွဲတွေမှာ ပြိုင်ဘက်တွေက သူ့ကို မြေပြင်ပေါ် လှဲချပြီး ထိန်းချုပ်နိုင်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။
နောက်တစ်ခုကတော့ သူ့ရဲ့ အန္တရာယ်များတဲ့ ထိုးသတ်ဟန် (High-risk style) ပါပဲ။ Royval ဟာ ပြင်းထန်ပြီး အဆက်မပြတ် တိုက်ခိုက်တတ်တဲ့သူဖြစ်ပေမဲ့ တစ်ခါတစ်ရံမှာ သူ့ရဲ့ ကာကွယ်မှုက အနည်းငယ် ပေါ့ဆသွားတတ်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်တွေရဲ့ တန်ပြန်ထိုးနှက်မှုတွေကို ထိမိတတ်ပါတယ်။ ချန်ပီယံ Alexandre Pantoja နဲ့ ထိုးခဲ့တဲ့ပွဲတွေမှာ သူ့ရဲ့ အားနည်းချက်တွေ ပိုပြီး ထင်ရှားခဲ့ပါတယ်။

Joshua Van ကတော့ သူ့ရဲ့ တိုက်ခိုက်ရေးနဲ့ အသက်မွေးဝမ်းကြောင်းတဲ့ ကာလတစ်လျှောက်မှာ ပွဲ (၂) ပွဲ ရှုံးနိမ့်ဖူးပါတယ်။
Van ဟာ UFC မှာ Charles Johnson ကို မနှစ်က ဇူလိုင် ၁၃ ရက်မှာ အလဲထိုးနဲ့ ရှုံးခဲ့ဖူးပြီး အဲဒီပွဲမှာ Van ဟာ အနိုင်ရဖို့ နီးစပ်ခဲ့ပေမဲ့ တတိယအချီမှာ Charles Johnson ရဲ့ ထိုးနှက်ချက်တွေကို ထိထိရောက်ရောက် မကာကွယ်နိုင်ဘဲ KO/TKO နဲ့ ရှုံးနိမ့်ခဲ့တာပါ။ Van ရဲ့ ထိုးသတ်ဟန်က ရန်လိုပြီး ရှေ့တိုးတိုက်ခိုက်တတ်ပေမဲ့၊ တစ်ခါတရံမှာ သူ့ရဲ့ ကာကွယ်မှု (Striking defense) က အားနည်းသွားတတ်ပါတယ်။ အဲဒီပွဲမှာတော့ Johnson ရဲ့ တိကျတဲ့ တန်ပြန်ထိုးနှက်မှုတွေကို ခံခဲ့ရပြီး နောက်ဆုံးမှာ အရှုံးပေးလိုက်ရတာပါ။
UFC ကို မရောက်ခင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က Fury FC မှာလည်း Van ဟာ Devon Jackson ကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲမှာတော့ Van ဟာ မြေပြင်တိုက်ခိုက်မှု (Grappling/Submission Defense) အားနည်းချက်ကြောင့် ရှုံးနိမ့်ခဲ့တာပါ။ Devon Jackson က Van ကို မြေပြင်ပေါ် လှဲချနိုင်ခဲ့ပြီး နောက်ဆုံးမှာ Rear-Naked Choke နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ Van ဟာ Stand ပိုင်း ထိုးသတ်တာမှာ ထူးချွန်သူတစ်ဦးဖြစ်ပေမဲ့၊ အစောပိုင်း အသက်မွေးဝမ်းကြောင်းကာလမှာ Ground တိုက်ခိုက်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။
UFC ရောက်လာပြီးနောက်မှာတော့ Charles Johnson ကို ရှုံးခဲ့တာကလွဲလို့ ကျန်တဲ့ပွဲတွေမှာ Van ဟာ အနိုင်ရရှိထားပြီး သူ့ရဲ့ Ground တိုက်ခိုက်မှုပိုင်းလည်း တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ “High-volume” (ထိုးချက်များများ ထိုးတတ်တဲ့) နဲ့ “Pressure” (ဖိအားပေးတိုက်ခိုက်တဲ့) ပုံစံကြောင့် တစ်ခါတရံမှာ ပြိုင်ဘက်ရဲ့ တန်ပြန်ထိုးချက်တွေကို ထိမိတတ်တာမျိုးတော့ ရှိပါတယ်။
လက်ရှိ ထင်ကြေးပေးမှုတွေနဲ့ လောင်းကစားဈေးကွက်တွေအရဆိုရင် Van က အနည်းငယ် အသာစီးရထားတဲ့ (Betting favorite) အနေအထားမှာ ရှိပါတယ်။ လောင်းကစားဝက်ဘ်ဆိုတ်အများစုမှာ Joshua Van ရဲ့ Odds က ပိုနည်းပြီး Brandon Royval ရဲ့ Odds က ပိုများနေတာကို တွေ့ရပါတယ်။ ဥပမာ Van က (-120) ဖြစ်ပြီး Royval က (+100) လိုမျိုး ဖြစ်နေတတ်ပါတယ်။ ဒါက Van ကို ငွေကြေးပိုပြီး လောင်းကြေးထပ်နေကြတယ်ဆိုတဲ့ သဘောပါ။
Van ကို လူကြိုက်များနေတာက ထိုးချက်ပမာဏနဲ့ တိကျမှု (Striking Volume & Accuracy) ကြောင့်ပါ။ Van ဟာ တစ်မိနစ်ကို ထိရောက်တဲ့ ထိုးချက် ၈ ဒသမ ၂ ကြိမ်လောက် ထိုးနိုင်ပြီး တိကျမှုက ၅၄ ရာခိုင်နှုန်း ရှိပြီး UFC မှာ ထိုးချက်အများဆုံး ဖိုက်တာပါ။ Royval ကတော့ ၄ ဒသမ ၄၆ ကြိမ်ပဲ ထိုးနိုင်ပြီး တိကျမှုက ၃၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီအချက်က Van ကို အားသာစေပါတယ်။
ကာကွယ်မှု (Defense) အပိုင်းမှာလည်း Van ရဲ့ တိုက်ခိုက်ခံရချိန် ကာကွယ်မှုက ၅၉ ရာခိုင်နှုန်း ရှိပြီး Royval ရဲ့ ၄၇ ရာခိုင်နှုန်းထက် ပိုကောင်းပါတယ်။ မြေပြင်ပေါ်ကို လှဲချခံရတဲ့ ကာကွယ်မှု (Takedown defense) မှာလည်း Van က ၈၁ ရာခိုင်နှုန်းနဲ့ Royval ရဲ့ ၄၅ ရာခိုင်နှုန်းထက် အများကြီး သာပါတယ်။ ဒါ့အပြင် Bruno Silva နဲ့ ပွဲတွေအပါအဝင် နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ပုံစံ (Recent Form) မှာ Van က အထင်ကြီးစရာကောင်းတဲ့ အနိုင်ပွဲတွေ ဆက်တိုက် ရရှိထားပြီး နိုင်ပွဲဆက်လက်ယူနိုင်ဖို့ အရှိန်အဟုန် ကောင်းနေပါတယ်။

UFC မှာ ထိပ်သီးတွေနဲ့ ပြိုင်ဆိုင်နေရပေမဲ့ ချန်ပီယံဖြစ်မလာသေးတဲ့ အကောင်းဆုံး အရှုံးသမား Brandon Royval ကို သုံးသပ်သူတွေ အသာမပေးရတဲ့ အကြောင်းအရင်းက Royval ဟာ ဦးနှောက်တုန်ခါမှုဒဏ်ရာတွေကြောင့် ၆ လကျော် ပွဲဝေးခဲ့ပြီး အခုမှ ဒဏ်ရာကနေ ပြန်လာတဲ့ပွဲ (Return from Injury) ဖြစ်တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်က အရင်လိုဖြစ် မဖြစ် မသေချာသေးလို့ပါ။ Royval ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစ ပွဲတွေ မထိုးနိုင်ဘဲ ၆ လကျော်ကြာ အနားယူခဲ့ရပါတယ်။ အတိအကျပြောရရင် သူဟာ ဦးနှောက်တုန်ခါမှုဒဏ်ရာ (Concussions) နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့တာကြောင့်ပါ။
သူကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့တာက လေ့ကျင့်ရေးစခန်းမှာ ဦးနှောက်တုန်ခါမှုဒဏ်ရာတစ်ကြိမ်ရပြီးနောက် ပြန်လည်ကောင်းမွန်လာချိန်မှာ နောက်ထပ်တစ်ကြိမ် ထပ်မံရရှိခဲ့တာကြောင့် ဦးနှောက်ကျန်းမာရေးအတွက် ပွဲထိုးခြင်းကို ရှောင်ရှားဖို့ ဆရာဝန်တွေက အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။
ဦးနှောက်တုန်ခါမှုဒဏ်ရာ (Concussions) ဟာ အတိအကျပြောရမယ်ဆိုရင် ထိုးသတ်ပွဲတွေမှာ အကြိမ်များစွာ ထိုးနှက်ခံခဲ့ရတာကြောင့် Royval ဟာ ဦးနှောက်ကို ကောင်းမွန်စွာ ပြန်လည်သက်သာခွင့်ပေးဖို့ အနားယူနေခဲ့ရတာဖြစ်ပြီး ဒါဟာ သူ့ရဲ့ ရေရှည်ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်လို့လည်း ပြောကြားခဲ့ပါတယ်။
Van နဲ့ပွဲက Royval အတွက် ဦးနှောက်တုန်ခါမှုဒဏ်ရာ (Concussions) တွေကနေ ပြန်လာပြီး ပထမဆုံး ထိုးသတ်မယ့်ပွဲလည်း ဖြစ်ပါတယ်။ Van ရဲ့ ထိုးနှက်ချက်တွေဟာ အရပ်လေးလက်မသာနေတဲ့ Royval မျက်နှာကို အဆက်မပြတ်ထိလာရင် Bruno Silva နဲ့ ပွဲမှာ Van လက်သီးတွေ အလဲထိုးပါဝါရှိတာကို ကြည့်ရင် ဒီလို ဦးခေါင်းပိုင်းထိုးနှက်ချက်တွေက စက္ကန့်နဲ့အမျှ ဦးနှောက်သုံးရပြီး Fight IQ မြင့်တဲ့ Van ကို ခုခံဖို့ ခက်ခဲလာနိုင်ပါတယ်။
Van အနေနဲ့လည်း အချိန်တိုအတွင်း ပွဲများများ ထိုးလာရတာက သူ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတချို့က ထောက်ပြကြပါတယ်။ ဒီပွဲက Van အတွက် ၂၁ ရက်အတွင်း ဒုတိယမြောက်ပွဲလည်း ဖြစ်ပါတယ်။
သို့သော်လည်း Royval ဟာ အတွေ့အကြုံ (Experience)၊ အလဲထိုးနိုင်စွမ်း (Finishing ability) နဲ့ စိတ်ဓာတ်ခိုင်မာမှု (Toughness) တို့မှာ အားသာချက်ရှိနေဆဲပါ။ သူဟာ UFC ရဲ့ နံပါတ် (၁) ဖလိုင်းဝိတ်ဖိုက်တာဖြစ်ပြီး ချန်ပီယံဟောင်းတွေနဲ့ပါ ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ ဒါကြောင့် အကောင်းဆုံး ပုံစံပြန်ရလာရင် Van အတွက် လွယ်ကူတဲ့ပွဲတော့ ဖြစ်မှာမဟုတ်ပါဘူး။
ခြုံပြောရရင် ဒီပွဲမှာ Van ကို အနည်းငယ် အသာစီးရထားသူအဖြစ် သတ်မှတ်ထားပေမဲ့ ဒီပွဲဟာ ဘယ်သူမဆို အနိုင်ရနိုင်တဲ့ ပွဲတစ်ပွဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

◾ Van နဲ့ Royval တို့ နိုင်သူက ချန်ပီယံ စိန်ခေါ်ခွင့်ရမလား
လက်ရှိအနေအထားအရ Royval နဲ့ Van တို့ပွဲကနေ အနိုင်ရတဲ့သူဟာ Alexandre Pantoja ကို ချက်ချင်းချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရမလားဆိုတာ မေးခွန်းတချို့ရှိပါတယ်။
ဘာလို့လဲဆိုတော့ ချန်ပီယံ Alexandre Pantoja ဟာ UFC 317 မှာပဲ Kai Kara-France နဲ့ သူ့ရဲ့ ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ရှိပါတယ်။ ဒီပွဲဟာ Co-main event အနေနဲ့ ထိုးသတ်မှာပါ။ ဒါကြောင့် Pantoja အနေနဲ့ ဒီပွဲကို အရင် အနိုင်နဲ့ ပြီးဆုံးဖို့ လိုအပ်ပါတယ်။
Brandon Royval ဟာလည်း လက်ရှိ ဖလိုင်းဝိတ်အဆင့် (၁) နေရာမှာ ရပ်တည်နေသူဖြစ်ပြီး Pantoja နဲ့လည်း (၂) ကြိမ်တိုင် ထိုးဖူးပြီးပါပြီ။ နောက်ဆုံး ချန်ပီယံလုပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ချက်ချင်းပြန်ပြီး စိန်ခေါ်ဖို့ဆိုရင် တခြားထိပ်တန်းပြိုင်ဘက်တွေကို ထပ်နိုင်ပြဖို့ လိုအပ်နိုင်ပါတယ်။
Van ဟာလည်း လက်ရှိ ဖလိုင်းဝိတ်အဆင့် (၁၁) နေရာမှာ ရှိနေပါတယ်။ Royval လို ထိပ်တန်းအဆင့် (၁) ကစားသမားကို နိုင်ရင် သူ့ရဲ့အဆင့် သိသိသာသာ တက်လာမှာ သေချာပါတယ်။ဒါပေမဲ့ တစ်ပွဲတည်းနဲ့ ချန်ပီယံလုပွဲအတွက် တန်းစီခွင့်ရဖို့ဆိုတာ UFC ရဲ့ ထုံးစံအရ ဖြစ်ခဲပါတယ်။ အနည်းဆုံး နောက်ထပ် ထိပ်တန်းပြိုင်ဘက် တစ်ဦး၊ နှစ်ဦးကို ထပ်နိုင်ပြဖို့ လိုအပ်ပါလိမ့်မယ်။
ဒါ့ကြောင့် ဒီပွဲမှာ Royval နိုင်ခဲ့မယ်ဆို Royval ဟာ Pantoja ကို ဒုတိယအကြိမ် စိန်ခေါ်ဖူးပြီးဖြစ်တာကြောင့် သူ့အနေနဲ့ ချန်ပီယံလုပွဲရဖို့ဆိုရင် Pantoja ရဲ့ ရှေ့ပြေးပြိုင်ဘက် (Contender) စာရင်းထဲက Brandon Moreno, Manel Kape, Amir Albazi စတဲ့ ထိပ်တန်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပေါ် စောင့်ကြည့်ရပါလိမ့်မယ်။ Royval အနေနဲ့ Van နဲ့ ထိုးသတ်မှုမှာ ပွဲပန်းဒဏ်ရာမရဘဲ အထင်ကြီးစရာကောင်းတဲ့ ဖျော်ဖြေမှုနဲ့ နိုင်ခဲ့ရင်တော့ ချန်ပီယံလုပွဲနဲ့ ပိုနီးစပ်လာနိုင်ပါတယ်။
Van အနေနဲ့ Royval လို ထိပ်တန်းကစားသမားကို နိုင်ခဲ့ရင်တော့ သူ့ကို ခါးပတ်စိန်ခေါ်သူစာရင်း (Title contention) ထဲကို တွန်းပို့လိုက်ပါလိမ့်မယ်။ ဒါပေမဲ့ ချက်ချင်းခါးပတ်လုပွဲရဖို့ကတော့ အခွင့်အရေးနည်းပါးပြီး အဆင့် ၅ ကနေ ၁၀ အတွင်းက ကစားသမားတွေနဲ့ ထိုးပြီး သူ့ရဲ့အဆင့်ကို ထပ်မံမြှင့်တင်ဖို့ လိုအပ်ပါလိမ့်မယ်။ သူဟာ အနာဂတ်ချန်ပီယံတစ်ဦး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ခံရတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ခရီးက ပိုပြီးမြန်ဆန်နိုင်ပါတယ်။
ဒါပေမဲ့လည်း UFC ဥက္ကဋ္ဌ Dana White က Van နဲ့ Royval နိုင်တဲ့သူက ဖလိုင်းဝိတ်ချန်ပီယံကို စိန်ခေါ်ခွင့်ရမယ်လို့ ဇွန်လ ၂၆ ရက်က သတင်းစာရှင်းလင်းပွဲမှာ အတိအလင်း ပြောလိုက်တာကြောင့် ဒီအာမခံချက်ဟာ ချန်ပီယံဆုမှန်းနေတဲ့ Van နဲ့ Royval အဖို့ မျှော်လင့်ချက်အလင်းရောင်ဖြစ်လာပြီး အပြင်းအထန်တောက်လောင်မယ့် မီးပုံထဲကို ရေနံဖျန်းလိုက်သလို ပွဲကြိုစကားဖြစ်လာပါတယ်။

◾ Van နိုင်စေဖို့ ဆုတောင်းရမယ့် မြန်မာပရိသတ်များ
Joshua Van ဟာ မြန်မာ့အလံကို UFC ကြိုးဝိုင်းထဲ ခြုံခွင့်ရဖို့အတွက် ကာလပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရပြီး သူ့ရဲ့ UFC ပွဲတိုင်းနီးပါးမှာ တောင်းဆိုခဲ့ရပါတယ်။ သူ့ရဲ့ ပထမဆုံး UFC ပွဲစဉ်မှာတော့ ဘယ်သူ့ကိုမှ နိုင်ငံအလံယူခွင့် မပေးတာကြောင့် နားလည်ပေးခဲ့ရတယ်လို့ သူကိုယ်တိုင် ပြောဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒုတိယနဲ့ တတိယပွဲတွေမှာလည်း ဆက်ပြီး တောင်းဆိုခဲ့ရာမှာ စည်းရုံးရေးဘက်က တာဝန်ရှိသူတွေက မြန်မာနိုင်ငံဆိုတာ တကယ်ရှိတဲ့ နိုင်ငံလားဆိုတာတောင် မသေချာသလို ပုံစံမျိုးနဲ့ ပြန်ပြောခဲ့ကြတယ်လို့ Van က ပြောပြခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံဟာ တကယ်ရှိတဲ့ နိုင်ငံဖြစ်ကြောင်း Google ကနေ ရှာဖွေပြီး ပြသခဲ့ရတဲ့ အနေအထားမျိုးတောင် ရှိခဲ့ပါတယ်။ UFC အဖွဲ့အစည်းဘက်ကလည်း သူ့ကို ကူညီပေးဖို့ ကြိုးစားခဲ့ပြီး Cody Durden ကို အနိုင်ရခဲ့တဲ့ပွဲမှာ မြန်မာ့အလံပါတဲ့ ပါးစပ်ကာကွယ်စရာ (Mouthguard) ကို ဝတ်ဆင်ခဲ့တာကလည်း ဒီကိစ္စအတွက် အရေးပါခဲ့တယ်လို့ Van က ပြောပါတယ်။
နောက်ဆုံးမှာတော့ UFC 313 မှာ Rei Tsuruya နဲ့ ထိုးခဲ့ချိန် Van ဟာ မြန်မာ့အလံကို ပထမဆုံးအကြိမ်အဖြစ် တရားဝင် ခြုံခွင့်ရရှိခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ လုံ့လဝီရိယနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကြောင့် ရရှိလာတဲ့ အခွင့်အရေးဖြစ်ပြီး ကမ္ဘာ့အလယ် မြန်မာဆိုတာ ပြသနိုင်ခဲ့လို့ မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။
Van ဟာ မိခင်အတွက် အမေရိကန်ပြည်ထောင်စုလို နေရာမျိုးမှာ ထိုးသတ်ပွဲကရလာတဲ့ ဆုကြေးတွေနဲ့ ကိုယ်ပိုင်အိမ်ဝယ် Surprise တိုက်ခဲ့သလိုမျိုးပဲ ဒီရက်ပိုင်းမှာ သူ့ကို UFC က Surprise တိုက်ခဲ့ပါတယ်။ UFC က မိဘကျေးဇူးသိတတ်တဲ့ Van ကို တိုက်ခဲ့တဲ့ Surprise ကတော့ ကမ္ဘာကျော် တိုက်ခိုက်ရေးဂိမ်း EA Sports UFC ဂိမ်းစီးရီးမှာ Van ကို ထည့်သွင်းခဲ့တာပါ။ လက်ရှိမှာ နောက်ဆုံးထွက်ရှိထားတဲ့ ဂိမ်းက EA Sports UFC 5 ဖြစ်ပြီး၊ နောက်ထပ် ထွက်ရှိလာမယ့် ဂိမ်းကတော့ EA Sports UFC 6 ဖြစ်ဖို့ များပါတယ်။ Joshua Van ကို UFC 5 မှာ နောက်ဆုံးထွက် Fighter အဖြစ် ထည့်သွင်းမလား၊ ဒါမှမဟုတ် UFC 6 အတွက် ပြင်ဆင်နေတာလားဆိုတာတော့ အတိအကျမသိရသေးပေမဲ့ UFC ဂိမ်းထဲမှာတော့ ပါဝင်လာမှာ သေချာပါတယ်။ EA Sports UFC ဂိမ်းတွေဟာ UFC ရဲ့ တရားဝင်လိုင်စင်ရထားတဲ့ ဂိမ်းတွေဖြစ်ပြီး လက်တွေ့ကျကျ တိုက်ခိုက်မှုတွေ၊ ကစားသမားတွေရဲ့ ပုံစံတူ ဖန်တီးမှုတွေကြောင့် နာမည်ကြီးပါတယ်။ Joshua Van လို ထိပ်တန်းဖိုက်တာတစ်ဦး ပါဝင်လာတာက မြန်မာပရိသတ်တွေအတွက်ရော၊ ဂိမ်းကစားသူတွေအတွက်ပါ စိတ်လှုပ်ရှားစရာ ကောင်းမှာပါ။

အချုပ်ပြောရရင် ဘက်စုံဝိုင်းပြီး ဖျက်ဆီးနေလို့ နိုင်ငံနဲ့ အစိုးရတောင် မခွဲခြားတတ်တော့လို့ နိမ့်ကျနေရတဲ့ အားကစားပွဲတွေမှာ အမေရိကန်က ကမ္ဘာ့နံပါတ် (၁) တိုက်ခိုက်ရေးစင်မြင့်ထက်မှာ မြန်မာ့အလံကို ဂုဏ်ယူစရာခြုံလွှမ်းပြနေသူ အကြောက်တရားမဲ့ Van “Joshua The Fearless Van” ဟာ ဖလိုင်းဝိတ်တန်းရဲ့ နံပါတ် (၁) Royval ကို နိုင်မယ်ဆိုတဲ့ အနေအထား ရှိနေပါတယ်။ နိုင်ခဲ့ရင်လည်း လက်ရှိချန်ပီယံ ပန်တိုဂျာကို Van က စိန်ခေါ်ခွင့်ရလာမှာဖြစ်ပြီး Dana White ကလည်း ပွဲတည်ပေးမယ့်အခြေအနေပါ။ Van ရဲ့ ချန်ပီယံလမ်းခရီးမှာ Royval ကို ဖြတ်ကျော်ပြီး Pantoja ကို စိန်ခေါ်နိုင်ဖို့ဆိုရင်တော့ လိုအပ်နေတာက သူ့နောက်မှာ တစ်နိုင်ငံလုံးရှိနေတယ်လို့ သူယုံကြည်တဲ့အတိုင်း မြန်မာတစ်နိုင်ငံလုံးက မေတ္တာအင်အားတွေ Van ကို မျှဝေဖို့ပါပဲ။ ပရိသတ်တွေ ပေးတဲ့ မေတ္တာအင်အားတွေနဲ့ မြန်မာ့အလံက ပေးအပ်လာမယ့် စွမ်းအားတွေဟာ Royval ကို အသေအချာ ကျော်ဖြတ်နိုင်မလားဆိုတာကတော့ လာမယ့် တနင်္ဂနွေမှာ အသေအချာမြင်ရမှာပါလို့ ပြောရင်း….။
