
၂၇. ၆. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Slutsk Cheese Factory နို့မှုန့်စက်ရုံသို့ သွားရောက်လေ့လာခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ Slutsk Cheese Factory နို့မှုန့်စက်ရုံသို့ ရောက်ရှိချိန်တွင် ထုတ်လုပ်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Vitaly Gennadyevich Zlobin၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Ekaterina Sergeyevna Lapteva နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထုတ်လုပ်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က စက်ရုံဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်းနှင့်စက်ရုံဆိုင်ရာ Video Clip ကိုပြသရာ SAC ဥက္ကဋ္ဌက စက်ရုံထုတ်နို့နှင့် နို့ထွက်ပစ္စည်းများ၏ ဈေးကွက်ရရှိမှုအခြေအနေများ၊ အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
SAC ဥက္ကဋ္ဌ ယနေ့ သွားရောက်လေ့လာခဲ့သည့် အဆိုပါ Slutsk ချိစ်နှင့်နိုချက်စက်ရုံသည် နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်နိုင်ခဲ့ပြီး မင့်စ်မြို့သာမက ဘယ်လာရုစ်နိုင်ငံ၏ အကြီးမားဆုံးသော နို့ချက်စက်ရုံတစ်ခုဖြစ်သည်။
အဆိုပါ စက်ရုံအား ပင်မကုမ္ပဏီကြီး ၁ ခု၊ ရုံးခွဲ ၅ ခု၊ ထုတ်လုပ်မှုစက်ရုံ ၅ ရုံနှင့် စိုက်ပျိုးရေးမွေးမြူရေးခြံ ၃ ခုတို့ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပြီး တစ်ရက်လျှင် နွားနို့တန်ချိန် ၂၅၀ ၊ နို့မှုန့် ၁၅၀ တန်၊ နို့ထွက်ပစ္စည်း တန်ချိန် ၃,၀၀၀ ၊ ထောပတ် ၁၀၀ တန်နှင့် ချိစ် ၁၀၀ တန်တို့ ထွက်ရှိပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
