◾ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများအား SAC ဥက္ကဋ္ဌ တွေ့ဆုံ အမှာစကားပြောကြား

၂၈. ၆. ၂၀၂၅
Written by Nyein Kyaw
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၂၇ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ်ရွေးချယ် စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုယ် တန်ဖိုးထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဦးချင်းစီသင်ကြားရသည့်သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်နားလည်နိုင်ရေး ကြိုးပမ်းသွားရန် လိုသကဲ့သို့ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ် လေ့လာအားထုတ်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။
တပ်မတော်သားများသည် အခြေခံအားဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြသူများဖြစ်ကြကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိကိုယ်ကိုတန်ဖိုးထားပြီး မိမိတို့ဘဝတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကာ ကြိုးစားအားထုတ်နေထိုင်သွားလာခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။
မိမိတို့အနေဖြင့် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အား တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းသည် နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းခြင်းပင်ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မကြာမီ ကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကို တန်ဖိုးထားသူများအနေဖြင့် ဆန္ဒမဲပေးရာတွင် ပါဝင်လာကြမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသား အရာရှိများအနေဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်များကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍ SAC ဥက္ကဋ္ဌက အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများ တက်ရောက်ခဲ့ကြသည်။
