◾️နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ (Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျ ရေးဆွဲဆောင်ရွက်သွားမည်ဟု ဘယ်လာရုစ်သမ္မတ ပြောကြား

၂၈. ၆. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ((SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ၂၇ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko နှင့် ဘယ်လာရုစ်နိုင်ငံ သမ္မတနန်းတော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ SAC ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။
စတင်တွေ့ဆုံဆွေးနွေးရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ ထပ်မံ တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယခုအကြိမ်တွေ့ဆုံမှုတွင် ယခင်က တွေ့ဆုံဆွေးနွေးမှုများတွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် အထူးစိတ်ဝင်စားမှုရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ (Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွင် နိုင်ငံရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတို့တွင်သာမက စီးပွားရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်လည်း မိမိအနေဖြင့် ဆန္ဒရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ဘယ်လာရုစ်နိုင်ငံအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဘယ်လာရုစ်သမ္မတက ပြောကြားခဲ့ပြီး ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးက ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် SAC ဥက္ကဋ္ဌက ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 EEF 2025) အား အိမ်ရှင်အဖြစ် ကျင်းပနေချိန် လုပ်ငန်းတာဝန်များ များပြားသည့်ကြားမှ လက်ခံတွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ်တွင် ဘယ်လာရုစ်နိုင်ငံအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအမြန်ဆုံးစေလွှတ်ပေးပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ခြင်းနှင့် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပံ့ပိုးပေးခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိသည်ကို မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများကိုယ်စား ထပ်လောင်း ပြောကြားလိုကြောင်း ပြောကြားသည်။
စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 – EEF 2025)သို့ တက်ရောက်ရသည့်အတွက် မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်း ရရှိခဲ့ကြောင်း၊ မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းဖြင့် SAC ဥက္ကဋ္ဌက ဆွေးနွေးပြောကြားသည်။
ထို့ပြင် SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့သည် နှစ်နိုင်ငံအကြားရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် SAC ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ တို့သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 – EEF 2025) သို့ တက် ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ကာဇက်စတန်နိုင်ငံသမ္မတ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ EAEU Observers နိုင်ငံဖြစ်သည့် ဥစဘက်ကစ္စတန်နိုင်ငံသမ္မတ၊ ဖိတ်ကြားထားသည့် နိုင်ငံများဖြစ်ကြသည့် မွန်ဂိုလီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံတို့မှ အစိုးရအဖွဲ့အကြီးအကဲ ကိုယ်စားလှယ်များနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
