၂၂ ဘီးကုန်တင်ကားက ၎င်း၏ရှေ့မှယာဉ်ကိုတိုက်မိကာ မော်တော်ယာဉ် ၁၅ စီးကိုပါ ဆက်တိုက်တိုက်မိမှုများ ဇန်နဝါရီလ ၂၉ ရက်ညက ဖြစ်ပွားစဉ်

၃၀. ၁. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၏ နာခွန် ရတ်ချဆီမာ ပြည်နယ်၊ ပတ်ချုံခရိုင် တွင် ဇန်နဝါရီ ၂၉ ရက် ညပိုင်းက အရက်သောက်လာသောယာဉ်မောင်းတစ်ဦးမောင်းနှင်လာသည့် ၂၂ ဘီးကုန်တင်ကားက မီထရာပတ် အဝေးပြေးလမ်းမပေါ်၌ ယာဉ် ၁၅ စီးကို အနောက်မှ ဝင်တိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါယာဉ်တိုက်မှုက ဆာရာဘူရီမြို့သို့ ဦးတည်သွားနေသော ယာဉ်ကြောပိုင်းတွင် ည ၇ နာရီ မိနစ်၂၀ ခန့်က ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် နှစ်နာရီခန့်ကြာ ယာဉ်အသွားအလာပိတ်ဆို့မှုကို ဖြစ်စေခဲ့ကြောင်းလည်း သိရသည်။

ဆူရတ်သာနီပြည်နယ် မှတ်ပုံတင်ထားသည့် ၂၂ ဘီးကုန်တင်ကားသည် မြေပြုပြင်ရန်အတွက် ကျောက်တုံးများသယ်ဆောင်လာခြင်းဖြစ်ပြီး ၎င်း၏ရှေ့မှယာဉ်ကိုတိုက်မိကာ မော်တော်ယာဉ် ၁၅ စီးကိုပါ ဆင့်ကဲတိုက်မိမှုများဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်။ တိုက်မိခံရသည့်ယာဥ်တို့တွင် ဗင်ကားနှစ်စီး၊ ပစ်ကပ်ကားလေးစီးနှင့် ဆီဒင်ကားကိုးစီးတို့ ပါဝင်ခဲ့သည်။ ထိုကားများပေါ်ရှိ ခရီးသည်တစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

ထရပ်ကားယာဉ်မောင်းမှာ အသက် ၄၂ နှစ်ရှိပြီး သွေးတွင်း၌ အရက်ပါဝင်မှုအဆင့်က တစ်ဒက်စီလီတာလျှင် ၃၀၀ မီလီမီတာ(၃၀၀ ml/dl) ခန့်ရှိရာ ပုံမှန်ကန့်သတ်မှုအဆင့်ဖြစ်သော တစ်ဒက်စီလီတာလျှင် ၅၀ မီလီမီတာ(၅၀ ml/dl) ထက်များစွာကျော်လွန်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရသည်။ ၎င်းအား အရက်သောက်ယာဉ်မောင်းမှုနှင့် လူသေဆုံးသည်အထိဖြစ်ရသော မဆင်မခြင်မောင်းနှင်မှုတိုအပြင် ပစ္စည်းဥစ္စာများပျက်စီးစေမှုတိုဖြင့် တရားစွဲထားကြောင်း သိရသည်။

Ref–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *