၃၀. ၁. ၂၀၂၃
Written by Ye Kyaw

ယခုလအတွင်း ရောင်းချပေးခဲ့သည့် တန်ဖိုးနည်းအိမ်ရာနှစ်ခုအတွက် စာရင်းပေးလျှောက်ထားသူ များပြားသဖြင့် အခန်းမဲဖောက်ပေးမှုကို ဇန်နဝါရီ ၃၁ ရက်တွင် ‌ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ရက်ရွှေ့ဆိုင်းခဲ့ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(DUHD)မှ ဇန်နဝါရီ ၃၀ ရက်တွင် ကြေညာခဲ့သည်။

အိမ်ခန်းဝယ်ယူရန် “DUHD Sale Housing” Facebook Page Messenger မှတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားသူဦးရေ များပြားသည့်အတွက် စာရင်းပြန်လည်စိစစ်ခြင်းကို အချိန်ယူဆောင်ရွက်ရမည်ဖြစ်၍ အခန်းမဲဖောက်ပေးခြင်းကို ဇန်နဝါရီ ၃၁ ရက်တွင် ဆောင်ရွက်ရန် မဖြစ်နိုင်ပါ၍ ‌ရွှေ့ဆိုင်းထားပါကြောင်း၊ မဲနှိုက်ပေးမည့်ရက်ကို ပြန်လည်ကြေညာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင် ရောင်းချမည့် အောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာစီမံကိန်းတို့ရှိ တန်ဖိုးနည်း/တန်ဖိုးသင့် တိုက်ခန်းပေါင်း ၂၀၄ ခန်းကို ယခုဇန်နဝါရီလအတွင်း ရောင်းချသွားမည်ဖြစ်သည်။

အဆိုပါရောင်းချမည့် အိမ်ရာစီမံကိန်းနှစ်ခုအတွက် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ ပြည့်မီသူ ၂,၇၈၈ ဦးအထိရှိပြီး ၎င်းတို့အနေဖြင့် မိမိလျှောက်ထားလိုသော အိမ်ရာစီမံကိန်းတစ်ခုတည်းကိုသာ စာရင်းပေးကြရန်နှင့် အိမ်ရာစီမံကိန်း နှစ်ခုလုံးကို အမည်စာရင်းပေးသွင်းပါက စာရင်းလက်ခံရေးသွင်းမည် မဟုတ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာထားသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID)တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းများအရ စုဆောင်ငွေ ကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်ထားရှိသူများ၏ တန်းစီဇယားအမှတ်စဥ် (Seniority) အရ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စိစစ်၍ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *