၃၀. ၁. ၂၀၂၃
Written By Thandar

ကျွန်တော်တို့က ဒီနေ့နဲ့ မနက်ဖြန် ဘာမှန်းမသေချာတဲ့အချိန်မှာ အလှူလုပ်ရတာပီတိဖြစ်တယ်လို့ သရုပ်ဆောင်ပိုင်းရော ဂီတပိုင်းရော လုပ်ဆောင်ခဲ့တဲ့ ဇွဲလရောင်က MT News Entertainment ကို ပြောပါတယ်။

သူကတော့ ပခုက္ကူဘက်က အရှေ့နံဂတ်‌ကျေးရွာရှိ အိမ်ခြေ ၇၀ အတွက်ကို ဆန်အိတ် ၇၀ လှူဒါန်းခဲ့အပြီး ပြောကြားလာတာလည်း ဖြစ်ပါတယ်။

” ကျွန်တော့်အနေနဲ့ ၂၀၂၀ ကလည်း အလှူလေးတွေ လှူဖြစ်ပါတယ်။ အခုကတော့ တစ်ရွာလုံးကို ဆန်လှူဖြစ်တာပါ။ အရင်နှစ်တွေ လှူဒါန်းမှုပစ္စည်းတွေက ပိုစုံတာပေါ့။ ရွာမှာ မဏ္ဍာပ်ထိုးပြီး လှူဖြစ်ခဲ့တာပါ။ ဒီနှစ်ကတော့ သွားရေးလာရေးခက်ခဲတာကြောင့်လေ အိမ်မှာပဲ ဆန်တွေကိုလှူလိုက်တဲ့သဘောပါ။ အမှန်တော့ ရွာမှာ ဘုရားပွဲလည်းဖြစ်တော့ ရွာဘုရားပွဲမှာ အရုဏ်ဆွမ်းလောင်းပွဲလည်းရှိတော့ ပီတိလည်းဖြစ်ရတယ်။ အခုချိန်မှာ အရင်ကထက် ကြပ်တည်းနေကြတယ်ဆိုတော့ ပိုပြီးပီတိဖြစ်ရပါတယ်။ကိုယ်အဆင်ပြေနေလို့လည်း မဟုတ်ဘူး။ လှူချင်စိတ်က အရမ်းဖြစ်ပေါ်နေတယ်။ ဒီနေ့အဆင်ပြေပေမယ့် နောက်နေ့အဆင်ပြေချင်မှပြေမယ်။ ဒီအချိန်လုပ်နိုင်တဲ့ အနေအထားလေးနဲ့ ရအောင်လှူဖြစ်တာပါ”လို့ သရုပ်ဆောင်ဇွဲလရောင်က ပြောပါတယ်။

ဆန်လှူဖို့အတွက်တော့ ပခုက္ကူ အောင်မြင့်မိုရ်ဆန်စက်က ဆန်ဈေးတက်ဖို့ ရှိပေမယ့် အလှူအတွက်မို့ ဆန်ကိုအရင်ဈေးနှုန်းနဲ့ပဲ သတ်မှတ်ပေးပြီး မှာယူလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဇွဲလရောင်ဟာ ပရဟိတအလုပ်ကိုလုပ်ရင်း ကိုဗစ်ကာလအတွင်းမှာ “မခင်လေး” နဲ့ ” မ” သီချင်းတို့ကို ထွက်ရှိခဲ့ပြီးတော့ အခက်အခဲဖြစ်သူတွေကို မကြာခဏ အလှူအတန်းတွေ လုပ်ပေးလျက်ရှိပါတယ်။ မတ်လ ၂၀၂၂ ခုနှစ်ကစပြီး ကားလုပ်ငန်းကို စိတ်ဝင်စားတဲ့အတွက် ကားအရောင်းအဝယ်လုပ်ငန်းတစ်ခု လုပ်ကိုင်နေရင်း အနုပညာ‌အလုပ်ကိုလည်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က ဒီနေ့နဲ့ မနက်ဖြန် ဘာမှန်းမသေချာတဲ့အချိန်မှာ အလှူလုပ်ရတာ ပီတိဖြစ်တယ်။ အမြဲတမ်း အပြောင်းအလဲတွေရှိနေတယ်။ လက်ရှိ စိတ်ချမ်းသာအောင်၊ ပျော်အောင်နေတယ်။ ကိုယ်ခက်ခဲပေမယ့် ကိုယ့်ထက်ခက်ခဲတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်လှူချင်တာရှိရင် ဘာမှမတွေးတော့ဘဲ လှူဖြစ်လိုက်ပါတယ်။ အနုပညာအလုပ်ကလည်း နည်းနည်းပါးသွားတယ်။ သီချင်းတွေ ထုတ်ဖို့ရှိပေမယ့် ဆက်မထုတ်တာတွေလည်း အများကြီးရှိပါတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *