◾ သွေးလင်းထက်နဲ့ ခရစ်ပတ်တို့ ထိုးသတ်ပွဲက Fight of The Night အဖြစ်ပါ သတ်မှတ်ခံရ

၁၃. ၆. ၂၀၂၅
Written by Thettant
ထိုင်းနိုင်ငံမှာ ဒီနေ့ညကျင်းပနေတဲ့ One Friday Fight 112 မှာ မြန်မာတွဲဆိုင်းသုံးဆိုင်းပါခဲ့ရာမှာ နှစ်ယောက်နိုင်တစ်ယောက်ရှုံးရလဒ်ထွက်ခဲ့ပြီး စောမင်းမင်းဟာ သက်လုံမရှိပေမဲ့ ပြိုင်ဘက်ကို အလဲထိုးနဲ့နိုင်ခဲ့တာ၊ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက လိပ်နင်ဂျာကို အမှတ်နဲ့ရှုံးတာ ပြန်မချေဖျက်နိုင်ဘဲ အမှတ်နဲ့ထပ်ရှုံးရပြန်တဲ့ မိုးထက်အောင်ပွဲနဲ့ ဒုခေါင်ပွဲမှာ ထိုင်းပြိုင်ဘက်ကို နှစ်မိနှစ်မပြည့်ခင် အလဲထိုးပြီး အပိုဆုအဖြစ် ဘတ် ၃၅၀၀၀၀ ပါ ဆွတ်ခူးသွားနိုင်ခဲ့တဲ့ သွေးလင်းထက်ပွဲတွေနဲ့ မြန်မာလို့ ဟစ်ကြွေးသံ ညံခဲ့တဲ့ One Fight ည ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လာလုပ်ခဲ့တဲ့ One ပွဲတွေမှာ နှစ်ပွဲနိုင် တစ်ပွဲရှုံးဖူးတဲ့ စောမင်းမင်းဟာ ထိုင်းမှာလုပ်တဲ့ One ပွဲမှာ ၁၉ နှစ်သား ဩစတြေးလျဖိုက်တာ ဂျို့ရှ်တရိုးဘရစ်ချ်နဲ့ ထိပ်တိုက်တိုးခဲ့တာပါ။ ဆိုင်ထိုးပြိုင်ထိုးနဲ့ မာဂုဏ်ကောင်း သတ်ပုံကောင်းတဲ့ စောမင်းမင်းက ပထမအချီမှာ ဂျို့ရှ် ကျလုနီးပါးဖြစ်အောင် ထိုးနိုင်ခဲ့ပေမဲ့ ဒုတိယအချီ တစ်မိနစ်ခွဲလောက်တင် သက်လုံကျသွားတာ တော်တော်ဆိုးပြီး သမ္ဘာနဲ့ တွဲလုံးတွေနဲ့ပဲ ထိုးနေရတာပါ။ ထိချက်ထိုးချက်တွေ လှပေမဲ့ သက်လုံကျနေတော့ အားပျော့နေတဲ့ ထိုးချက်တွေက ထိချက်သာပေမဲ့ ဆွဲဆောင်မှုမဲ့သွားပါတယ်။ ပိုဆိုးတာက တံတောင်မိပြီး စောမင်းမင်း ကွဲသွားခဲ့တာပါ။

တတိယအချီမှာလည်း စောမင်းမင်းက ကျနေတဲ့သက်လုံနဲ့ပဲ ထိန်းထိုးနေရပြီး ဂျို့ရှ်ကမာဂုဏ်၊ သက်လုံအားကိုးနဲ့ ပွဲဖြတ်ချင်နေတာပါ။ ဒါပေမဲ့ ပွဲပြီးကာနီး ၁၅ စက္ကန့်လောက်မှာ အဝင်လောတဲ့ ဂျို့ရှ်ဟာ စောမင်းမင်းရဲ့ ဘယ်ညာတွဲလုံး ခြောက်ချက်ဆင့်မိပြီး ပြန်အထမှာ မူးဝေနေပြီး တည်မရတော့တာကြောင့် စောမင်းမင်းက အလဲထိုးနဲ့ နိုင်သွားတာပါ။ One ရဲ့ လူဟောင်းနဲ့ ပြည်ပမှာ ပထမဦးဆုံးပွဲထွက်တဲ့ စောမင်းမင်းဟာ သက်လုံသာပါလာပြီး ဒီထက်ပို လှလှပပထိုးနိုင်ရင် ဘောနပ် ဘတ် ၃၅၀၀၀၀ ရနိုင်ပေမဲ့ သက်လုံမရှိတာကြောင့် ဆွဲဆောင်မှုမဲ့နေတဲ့ ထိုးသတ်ပုံက ဘတ် ၃၅၀၀၀၀ နဲ့ လွဲရပါတော့တယ်။

စောမင်းမင်းပွဲအပြီးမှာ မိုးထက်အောင်က ခွန်ပွန်နိုင်းနဲ့ တွေ့ပါတယ်။ မိုးထက်အောင်က အရပ်ပုပြီး Fight IQ နိမ့်ပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ One Friday Fight 95 မှာ မိုးထက်အောင် လိပ်နင်ဂျာလို့ခေါ်တဲ့ ဆမင်းဒမ်ကို အမှတ်နဲ့ရှုံးထားလို့ ဒီနေ့ပွဲနိုင်ဖို့ အသည်းအသန်အားထုတ်ပြီး ဒူးပျံတွေ အမြင့်ကန်တွေ ကန်တာ ပင့်လက်သီးတွေနဲ့ ပွဲသိမ်းဖို့ ကြိုးစားတာပါ။ ပြဿနာတစ်ခုက မိုးထက်အောင်ရဲ့ ပြိုင်ဘက်က မိုးထက်အောင် လုပ်တတ်တာ အကုန်လေ့လာထားပြီး သူ့ ပင့်လက်သီးတွဲလုံးတွေ လွတ်အောင်ရှောင်ပြီး မိုးထက်အောင်ရဲ့အသည်းကိုချည်း ခြေနဲ့ကန်တာပါ။ သုံးချီစလုံးမှာ မိုးထက်အောင်ရဲ့ အသည်းနေရာကို ခြေနဲ့ အချက်ရာချီကန်ခဲ့တာပါ။ မိုးထက်အောင်မှာ ဒီကန်ချက်ကို ကာကွယ်ဖို့၊ တန်ပြန်ဖို့ ပွဲချိန်အတွင်း ဆုံးဖြတ်နိုင်မှုမရှိဘဲ အချီတိုင်း အသားလွတ်အကန်ခံရတာပါ။ နောက်ထပ်ပိုဆိုးတာက အချုပ်ခံရတိုင်းမှာ မိုးထက်အောင်ကို အရပ်ပိုရှည်တဲ့ ခွန်ပွန်နိုင်းက ဒူးချွန်တွေနဲ့ တိုက်တာပါ။ ဒီ ဒူးချွန်တွေကိုလည်း မိုးထက်အောင်မှာ ကာကွယ်ဖို့ အဖြေမရှိခဲ့ပါဘူး။

ပွဲချီသုံးချီစလုံး ခွန်ပွန်နိုင်းက အသည်းနေရာကို ဦးတည်ကန်သွားပြီး မိုးထက်အောင်ရဲ့ ညာဘက်နံတစ်ခုလုံးဟာ နီရဲနေတာပါ။ မိုးထက်အောင် အသည်းအကန်မခံနိုင်တော့ လက်ချလိုက်ချိန်မှာ ခေါင်းကို အကန်ခံရပြန်သေးပါတယ်။ တကယ်တော့ အရပ်ပုတဲ့ မိုးထက်အောင်ဟာ ချုပ်ဒူးတွေ တံတောင်ရိုက်ချက်တွေ၊ ကပ်ထိုးတာ၊ နှိုက်ထိုးတာတွေကို အားပြုသင့်တာပါ။ ဒါပေမဲ့ မိုးထက်အောင်က ချုပ်တာ၊ နှိုက်တာ ဘာတစ်ခုမှမရှိဘဲ သူ့အရပ်နဲ့ ခွာထိုးနေတော့ ခံဘက်ကချည်းဖြစ်နေပါတယ်။ ခွန်ပွန်နိုင်းက မိုးထက်အောင်ရဲ့ မာဂုဏ်ကြောင့်သာ အလဲမထိုးနိုင်ခဲ့ပေမဲ့ သုံးချီစလုံးမှာ သိသိသာသာကို အသာစီးရပြီး အလဲထိုးနိုင်သင့်တဲ့ စွမ်းဆောင်ရည်မျိုး ပြပြီးတော့ကို လှလှပပထိုးသွားတာပါ။

မိုးထက်အောင် ရှုံးသွားပြီးနောက်မှာ ဒုတိယခေါင်ပွဲရထားတဲ့ သွေးလင်းထက်က ထိုင်းနိုင်ငံသား ခရစ်ပတ်နဲ့ ထိပ်တိုက်တိုးတာပါ။ ခရစ်ပတ်က သွေးလင်းထက် ထက် သုံးလက်မလောက်နိမ့်ပြီး ထိုးသတ်ပုံကလည်း နှစ်မိနစ်မပြည့်တာကြောင့် ဘာမှ ထိမိအောင် မထိုးနိုင်တာမို့ ဘာကြောင့် ဒုခေါင်ပွဲရလဲဆိုတာ နားမလည်နိုင်ပါဘူး။ ခရစ်ပတ်က ပွဲစတာနဲ့ အောက်ခြေတွေ လိုက်ကန်တာပါ။ သွေးလင်းထက်က တည်ရင်းစမ်းရင်း နင်းခြေတစ်ချက် ခရစ်ပတ်စားခဲ့ရသလို အမြင့်ကန်ချက်ကလည်း ခရစ်ပတ်ခေါင်းကန်မိပြီး ယိုင်ကျသွားသေးပေမဲ့ ပြန်ထလာနိုင်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ယောက် ဆရင်း အကဲစမ်းရင်း ပွဲချိန် တစ်မိနစ် ၄၀ စက္ကန့်မှာ သွေးလင်းထက်ရဲ့အမြင့်ကန်ချက်ဝင်အပြီးမှာ ချက်ချင်း Spinning Back Elbow ထပ်ထုတ်ရာမှာ ခရစ်ပတ် မေးကို တိတိကျကျထိမိသွားပြီး ခရစ်ပတ်က လက်နှစ်ဖက်မြှောက်ပြီး မေ့သွားတာပါ။

Spinning Back Elbow ဆိုလို့ ဘယ်လိုတိုက်ကွက်လဲ ရုတ်ချည်း စဥ်းစားရခက်မယ်ထင်ပါတယ်။ တကယ်တော့ ဒီ ထိုးသတ်ကွက်က အရင်ပွဲတွေမှာလည်း သွေးလင်းထက်သုံးတတ်တဲ့ နှစ်ယောက်ပူးကပ်ထိုးနေရင်း တံတောင်နဲ့ နောက်ပြန်ရိုက်တာပါ။ ရှေ့နှစ်ပွဲမှာတော့ အမှတ်ရရုံရိုက်ချက်ဖြစ်ခဲ့ပြီး ဒီတစ်ပွဲမှာတော့ ခရစ်ပတ်ရဲ့ မေးကို အတိအကျရိုက်မိသွားတာကြောင့် အလဲထိုးနိုင်ခဲ့သလို ဘတ် ၃၅၀၀၀၀ ပါ ဆွတ်ခူးသွားနိုင်ခဲ့တာမို့ ဒီည မြန်မာသုံးပွဲဟာ မိုးထက်အောင် အမှတ်နဲ့ရှုံးတာကလွဲရင် အခြေအနေကောင်းခဲ့တယ်ပဲ ပြောရမှာပါ။
ပိုပြီး ပျော်စရာကောင်းတာက သွေးလင်းထက်နဲ့ ခရစ်ပတ်တို့ ထိုးသတ်သွားတဲ့ ဒုခေါင်ပွဲက One Friday Fight 112 ရဲ့ Fight Of The Night ပွဲ အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ ဒီလို သတ်မှတ်ခံရတဲ့ ပွဲကို ဘတ် ၃၅၀၀၀၀ ပဲ ဆုချတာဖြစ်ပြီး ဒီငွေကြေးကိုတော့ အများအားဖြင့် ဖိုက်တာနှစ်ယောက်က ခွဲယူကြရတာဖြစ်ပြီး စိုးလင်းဦးနဲ့ သန့်ဇင်တို့ မှေးမှိန်အသွားမှာ တစ်ပွဲနဲ့တစ်ပွဲ ထိုးသတ်ပုံ၊ ချည်းကပ်ပုံကွာပြီး Fight IQ မြင့်တဲ့ သွေးလင်းထက်ရှိနေတာ မြန်မာပရိသတ်တွေအဖို့ ပျော်စရာပါပဲ။