
၁၄. ၆. ၂၀၂၅
Written by Nay Moe
ကရင်ပြည်နယ်အတွင်း နယ်မြေအသာစီးယူနိုင်ရန် စခန်းသိမ်းတိုက်ပွဲနှင့် မြို့သိမ်းတိုက်ပွဲများ အဆက်မပြတ်လုပ်ဆောင်နေသည့် KNU/ KNLA အဖွဲ့နှင့် PDF များက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကော့ဘော်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်ရပ်တွင် ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က KNU/ KNLA အဖွဲ့နှင့် PDF များက ကော့ဘော်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၇၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများက ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံအားပေးမှုမရှိသည့် မြို့/ရွာ/ရပ်ကွက်များအတွင်းသို့ ယခုကဲ့သို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ် လျက်ရှိပြီး ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဆန့်ကျင် ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


