◾ လေယာဉ်ပျက်ကျမှုကြောင့် စုစုပေါင်းသေဆုံးသူ ၂၆၅ ဦးရှိလာ၊ ဒဏ်ရာရရှိသူဆေးကျောင်းသား အနည်းဆုံး ၅၀ ဦး ရှိ

၁၂.၆.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အမယ်ဒါဘတ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ၍ စက္ကန့်ပိုင်းအတွင်း၌ပင် ဇွန်လ ၁၂ ရက်၊ မွန်းလွဲပိုင်းက ပျက်ကျခဲ့သော Air India လေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ Dreamliner ခရီးသည်တင်လေယာဉ် ၏ လေယာဉ်ပျံသန်းမှု အခြင်းအရာအား အသေး စိတ် အလိုအလျောက် မှတ်တမ်းတင်ကိရိယာ Black box နှစ်လုံးအနက် တစ်လုံးအားဇွန်လ ၁၃ ရက်က ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ black box ကို လေယာဉ်ပျက်ကျခဲ့သော အဆောက်အအုံ၏ မျက်နှာကျက်အမိုးပေါ်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဟုလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

ယခုအခါလေယာဉ်ပျက်ကျရမှုအကြောင်းရင်းကို စစ်ဆေးထောက်လှမ်းရာတွင် အိန္ဒိယနိုင်ငံမှ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တစ်ကင်းဒမ်းနိုင်ငံတို့မှအဖွဲ့များလည်း အမယ်ဒါဘတ်မြို့သို့ ရောက်ရှိလာကြကြောင်းသိရသည်။
ထို့ပြင် လေယာဉ်ပျက်ကျသည့်အဆောက်အအုံ ပတ်ဝန်းကျင်တစ်ဝိုက်တွင် လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်မှသေဆုံးရသူ ၂၄ ဦး၏ အလောင်းများကိုလည်းဇွန်လ ၁၃ ရက် ညနေပိုင်းထိတွေ့ခဲ့ရာ လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ စုစုပေါင်း ၂၆၅ ဦးထိ ရှိသွားပြီဟု သိရသည်။ လေယာဉ်ပျက်ကျသည့် ဆေးကောလိပ်အဆောင်မှ ဒဏ်ရာရရှိသူဆေးကျောင်းသားများမှာလည်း အနည်းဆုံး ၅၀ ဦးအထိရှိကြောင်း တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။
လေယာဉ်ပျက်ကျသည့် ဇွန်လ ၁၂ ရက် ညပိုင်းကဆိုလျှင် လေယာဉ်ပျက်အတွင်းနှင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် အပူချိန်က ၁,၀၀၀ ဒီဂရီ ဆယ်လ်စီးယပ်စ် အထိရှိခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များအတွက် များစွာ အခက်အခဲတွေ့ခဲ့ရကြောင်း သိရသည်။
Ref- Hindustan Times