◾️ ငလျင်ဘေးကြောင့် တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုမှာ ဒေါ်လာ ၁၁ ဘီလျံ (နိုင်ငံ့ဂျီဒီပီ၏ ၁၄ ရာခိုင်နှုန်း) ရှိပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ဂျီဒီပီ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်ဟု ခန့်မှန်းထား
၁၂. ၆. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံသည် မတ်လအတွင်းဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင် လှုတ်ခတ်မှု၏ အကျိုးသက်ရောက်မှုကို ဆိုးရွားစွာခံစားခဲ့ရပြီး စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများသည် ငလျင်ကြီး၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ယနေ့ ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏စီးပွားရေးအစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်က ပြုစုရေးသားသည့် မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာ (Myanmar Economic Monitor -MEM) အရ ငလျင်ဘေး၏ အကျိုးဆက်များကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဂျီဒီပီ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်လျော့ကျသွားမည်ဟု ခန့်မှန်းထားသည်။
ထို့ပြင် အင်အားပြင်းငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၏ တိုက်ရိုက်ထိခိုက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ယင်းမှာ မြန်မာနိုင်ငံ ဂျီဒီပီ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ဖော်ပြထားသည်။
ငလျင်သဘာဝဘေးသည် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်တို့တွင် နေထိုင်ကြသောပြည်သူ စုစုပေါင်း ၁၇ သန်းခန့်အပေါ် ထိခိုက်မှုရှိခဲ့ပြီး ၉ သန်းခန့်မှာ အတိဒုက္ခရောက်ခဲ့ကြရကြောင်း ဖော်ပြထားသည်။
ငလျင်ကြောင့် စက်ရုံများပိတ်ရခြင်း၊ Supply Chain လုပ်ငန်းများ အကန့်အသတ်နှင့် ကြုံတွေ့ရခြင်း၊ လုပ်သားရှားပါးခြင်း၊ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးသွားခြင်း အစရှိသည်တို့ဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ကုန်ထုတ်လုပ်မှုများ ကမောက်ကမဖြစ်ခဲ့ရကြောင်းနှင့် လက်ရှိဘဏ္ဍာနှစ်အတွက် စီးပွားရေးထုတ်လုပ်မှုပမာဏမှာ ယခင်ကထက် အမေရိကန်ဒေါ်လာ ၂ ဘီလီလျံခန့် လျော့နည်းမည်ဟုပါ မျှော်မှန်းကြောင်း ဖော်ပြထားသည်။
ပြည်တွင်းပဋိပက္ခများ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းထားဆိုင်ရာ ကန့်သတ်ချက်များ အစရှိသည့် လတ်တလော စိန်ခေါ်မှုကြီးများဖြစ်ပေါ်နေစဉ် ငလျင်ဘေး၏ နောက်ဆက်တွဲ စီးပွားရေးဂယက်များ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ဈေးနှုန်းများမှာ အဆမတန်ဆက်လက်မြင့်တက်လျက်ရှိပြီး အိမ်ထောင်စုများ၏ဝင်ငွေနှင့် သုံးစွဲနိုင်မှုများမှာ ယခင်ကထက် ပိုမိုကျပ်တည်းလာပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ တစ်နှစ်တာကာလအတွင်း ၃၄ ဒသမ ၁ ရာခိုင်နှုန်းထိရှိခဲ့သည်ဟု ခန့်မှန်းရသည်။
ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ဆက်လက်မြင့်မားနေပြီး အထူးသဖြင့် ပြည်တွင်း၌ ရွှေ့ပြောင်းနေထိုင်ကြရသူများအကြား ဆင်းရဲနွမ်းပါးမှု မြင့်တက်နေခြင်းဖြစ်သည်။ ငလျင်မတိုင်ခင်က ပြုစုကောက်ယူခဲ့သည့် Myanmar Subnational Phone Survey စစ်တမ်းအရ မြန်မာနိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှုနှုန်းမှာ ၂၀၂၄ ခုနှစ်တွင်လည်း ၂၀၂၃ ခုနှစ်ကနှင့် အလားတူပင် ၃၁ ရာခိုင်နှုန်းခန့်ရှိနေသည်။ ယင်းနှုန်းသည် ၂၀၁၇ ခုနှစ်က ခန့်မှန်းထားခဲ့သည့်နှုန်းဖြစ်သော ၂၄ ဒသမ ၈ ရာခိုင်နှုန်းထက် မြင့်မားလျက်ရှိကြောင်း၊ ငလျင်ကြောင့် အဆိုပါ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်လာနိုင်သည်ဟု မှန်းဆတွက်ချက်လေ့လာမှုက ညွှန်ပြလျက်ရှိကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ဆင့်ကဲ ဆင့်ကဲ ဖြစ်နေတဲ့ အခက်အခဲ အကျပ်အတည်းတွေက အိမ်ထောင်စုတွေအတွက် ထွက်ပေါက်မဲ့စေပြီး ဆိုးရွားတဲ့ ဖိအားအောက်အရောက် တွန်းပို့သလိုဖြစ်နေပါတယ်။ ဒီလို ဖိအားတွေ ကြီးလာပြီဆိုရင် ရွေးချယ်စရာမရှိတော့ဘဲ Value-added မပါတဲ့ ရရာအလုပ်ကို ဝင်လုပ်ရပါတော့တယ်။ ဒါ့အပြင် ကလေးတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းနဲ့ ရလဒ်အပေါ်လည်း သက်ရောက်မှု ရှိလာပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်ကို ထိခိုက်လာနိုင်တဲ့ အန္တရာယ်လို့ ဆိုနိုင်ပါတယ်” ဟု ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းဘောဂဗေဒပညာရှင်နှင့် အစီအစဉ်ရေးရာ အကြီးအကဲဖြစ်သူ ကင်မ်အက်ဒဝပ်စ်က ပြောကြားသည်။

