၁၂. ၆. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းကို နင်းမိကာ မိုင်းပေါက်ကွဲမှုကြောင့် ဝါဖူးအထည်ချုပ်စက်ရုံမှ အမျိုးသမီး ၉ ဦးအပါအဝင် ၁၀ ဦး မိုင်းထိဒဏ်ရာရခဲ့ကြမှု မှော်ဘီမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက် ည ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း အုတ်တံတိုင်းဘေး၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ “ဝါဖူး” အထည်ချုပ်စက်ရုံမှ မှော်ဘီမြို့နယ်၊ ကြာဖြူကန်ကျေးရွာနေ ဦးဝင်းကျော်(၄၀)နှစ် မောင်းနှင်ပြီး အထည်ချုပ်ဝန်ထမ်းများ လိုက်ပါလာသည့် YGN-14/ 9B-XXXX ISUZU CANTER မော်တော်ယာဉ်သည် အဆိုပါနေရာအရောက်၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် “ဝါဖူး” အထည်ချုပ်စက်ရုံမှ အလုပ်သမားများဖြစ်သည့် ဦးကျော်ရဲအောင်(၃၃)နှစ်၊ ဒေါ်မြမြဆင့် (၄၅)နှစ်၊ ဒေါ်ထွေးထွေးရီ (၄၁)နှစ်၊ မအိပိုပိုသက်(၂၃)နှစ်၊ ဒေါ်အေးမာထွန်း(၄၃)နှစ်၊ မဇင်မာသင်း(၂၉)နှစ်၊ ဒေါ်အိအိပြုံး(၃၅)နှစ်၊ မဝေနှင်းစိုး(၂၈)နှစ်၊ ဒေါ်လေးလေးနွယ်(၅၀)နှစ်၊ ဒေါ်နွယ်နွယ်ဝါ(၃၃)နှစ်၊ စုစုပေါင်း အမျိုးသားတစ်ဦး၊ အမျိုးသမီး ကိုးဦးတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် ည ၈ နာရီအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာနေ ဦးသန်းဇော်(၅၀)နှစ်သည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ ရှိနေစဉ် အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းဇော်တွင် နဖူးနှင့်ယာရင်အုံတို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး အထက်ပါဖြစ်စဉ်များမှ ကျူးလွန်သူများ ဖော်ထုတ်ဖမ်းဆီးနိုင်ရန် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း သိရသည်။



