ပုံစာ။ ပိုင်ရပ်ရွာ ဗုံးကြဲခံရအပြီး မြင်ကွင်း (Photo - Credit)
၁၂. ၆. ၂၀၂၅
Written by Nay Moe
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသလို ထိုသို့လုပ်ဆောင်မှုများကိုလည်း တပ်မတော်က လုပ်ဆောင်သည်ဟု အပြစ်ပုံချထုတ်ပြန်မှုများ မကြာခဏလုပ်ဆောင်နေပြီး ယခုလည်း တပ်မတော်က လေကြောင်းတိုက်ခိုက်သည်ဟု စွပ်စွဲရေးသားနေသော ကလေးငယ်လေးဦးသေဆုံးသည့်အပြင် ရုံးအကူတစ်ဦးပါသေဆုံးခဲ့သော ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာအလယ်တန်းကျောင်းမှ ကလေးငယ်များ သေဆုံးရမှုဖြစ်စဉ်တွင် ထိုတိုက်ခိုက်မှုမှာ လက်နက်ကိုင် အကြမ်းဖက်သူများက ဗုံးကြဲတိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ဖြေရှင်းလာသည်။
ဖြစ်စဉ်မှာ KNU နှင့် PDF များ ကျက်စားသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပိုင်ရပ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား လုံခြုံရေးအခြေအနေအရ ခေတ္တပြောင်းရွှေ့ စာသင်ကြားပေးနေသည့် အဆိုပါကျေးရွာရှိ ဦးကုလား(စိစစ်ဆဲ)၏နေအိမ်ရှေ့ မြေကွက်လပ်သို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပိုင်ရပ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ရုံးအကူ ဝန်ထမ်းဖြစ်သူ ဒေါ်မိသဇင်(၃၆)နှစ်နှင့် ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မောင်ဝေယံအောင် (၈)နှစ်၊ မလရိပ်ချို(၁၀)နှစ်နှင့် မသူဇာအေး(၆)နှစ်တို့ လေးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပိုင်ရပ်ကျေးရွာနေ လုပ်အားပေးဆရာမဖြစ်သူ မမိုးသူဇာ(၂၅)နှစ်နှင့် ကျောင်းသား/ ကျောင်းသူများဖြစ်ကြသည့် မစိုးစိုးစံ(၅)နှစ်၊ မအေးအေးမိုး(၈)နှစ်၊ မောင်အောင်ကျော်သူ (၄)နှစ်၊ မမျိုးစန္ဒာထွန်း(၆)နှစ်၊ မမျိုးသန္တာဦး(၇)နှစ်၊ မောင်လော်ချမ်း(၇)နှစ်၊ စောစံမြင့်အောင်(၇)နှစ်၊ မရွှေဇင်ထက်(၁၀)နှစ်၊ မယဉ်သူအေး(၉)နှစ်၊ မထွန်းရတနာ(၇)နှစ်၊ မောင်ကောင်းစည်သူစိုး(၇)နှစ်၊ မောင်လင်းလက်အောင်(၇)နှစ်၊ မချစ်မြတ်နိုး(၇)နှစ်၊ မငယ်ငယ်(၇)နှစ်၊ မမေလဝန်း(၇)နှစ်၊ မအိနန္ဒာဖြိုး (၇)နှစ်၊ မသွန်းသွန်းအိမ်စည်လင်း(၉)နှစ်၊ မသီသီဖြိုး(၉)နှစ်တို့ ၁၉ ဦးတို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ထိခိုက်ဒဏ်ရာရရှိသူများအား ကညင်ကတိုက်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းနှင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးကုသပေးမှုအရ သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး အပါအဝင် လုပ်အားပေးဆရာမနှင့် ကျောင်းသား/ကျောင်းသူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံ ပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ။ ပိုင်ရပ်ရွာ ဗုံးကြဲခံရအပြီး မြင်ကွင်း (Photo – Credit)




