၁၂. ၆. ၂၀၂၅
Written by Nay Moe
နွားထိုးကြီး PDF တွေက ကွမ်းယာရောင်းသူတစ်ဦးကို ပစ်သတ်ပြီး နိုင်ငံ့ဝန်ထမ်းတစ်ဦးအပါအဝင် လူသုံးဦးကို ဖမ်းဆီးသွားမှု ယမန်နေ့က မလှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာနေ ဦးဇော်မျိုးသက်(ခ)ကိုသက်(၄၇)နှစ်သည် ရွှေမုဌောဘုရားအနီး ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ၎င်းပိုင်ကွမ်းဆိုင်၌ရှိနေစဉ် PDF ၂၀ ဦးခန့်(စိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီး(စိစစ်ဆဲ)၊ ဆိုင်ကယ်ငါးစီးတို့ဖြင့် နွားထိုးကြီးမြို့နယ်မှ ရောက်ရှိလာပြီး ဦးဇော်မျိုးသက်(ခ)ကိုသက်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
ထို့နောက် အကြမ်းဖက်သမားများသည် ရွှေမုဌောဘုရားမြောက်ဘက်မုခ်အနီး နေထိုင်သူများဖြစ်သည့် ဦးကျော်သက်(၅၅)နှစ်၊ ဦးသက်နိုင်ဦး(ခ)ငသက်(၄၇)နှစ်နှင့် မလှိုင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကြီးတန်းစာရေး ဒေါ်ခင်မြင့်ထွေး (၄၀)နှစ်တို့ သုံးဦးအား ဖမ်းဆီးခေါ်ဆောင်ကာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ သံဘို-သန်းတန်းကျေးရွာသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦးအား အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေးနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
