၁၂.၆.၂၀၂၅
Written by Hey Mar
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်တွေ ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်နေတဲ့ သက်ဆိုင်ရာယာဉ်ထိန်းတပ်ဖွဲ့ကို တွေ့ရှိတာကြောင့် နောက်ကြောင်းပြန်လှည့်မောင်းနှင်ထွက်ပြေးတဲ့ မော်တော်ယာဉ်ကို လိုက်လံဖမ်းဆီးရာက ပိုင်ရှင်မဲ့ အထောက်အထားမဲ့ယာဉ်အဖြစ် သိမ်းဆည်းရမိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဇွန် ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ကဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
တာချီလိတ်မြို့မှာ လိုင်စင်မဲ့ယာဉ် ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေ ဇွန်လ တစ်ရက်နေ့ကတည်းက စတင်ဆောင်ရွက်နေတာဖြစ်ပြီး တာချီလိတ်ရဲတပ်ဖွဲ့က လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးဖမ်းဆီးရမိထားသလို ဒီနေ့ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာ အုပ်စု၊ မယ်ယန်းကျေးရွာ မြို့ဝင်တိုးဂိတ်အနီးမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ယာဉ်စစ်ဆေးခြင်းနဲ့ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်နေစဉ် မယ်ယန်းရွာဘက်ကနေ မိုင်းကိုးရွာဘက်ကို အရှိန်မြင့်မောင်းနှင်လာတဲ့ မော်တော်ယာဉ်(၁)စီးမှာ ယာဉ်စစ်ဆေးတဲ့နေရာမရောက်မီ စစ်ဆေးနေတဲ့ တာဝန်ရှိသူတွေကို တွေ့ရှိပြီး ပြန်လှည့်မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
အဲလိုမောင်းနှင်ထွက်ပြေးတာကို လိုက်လံဖမ်းဆီးရာ ဝမ်းလုံးကျေးရွာအရောက် တာချီလိတ်-ကျိုင်းတုံ သွားလမ်း ပြည်ထောင်စုလမ်းမကြီးဘေးမှာရပ်တန့်ထားတဲ့ ယာဉ်အမှတ် SHN-8 7Q/3456 နံပါတ်တပ်ဆင်ထားတဲ့ MITSUBISHI PAJERO SPORT အမျိုးအစား အဖြူရောင် မော်တော်ယာဉ်မှာ သော့ပွင့်လျက် ယာဉ်မောင်းနှင်သူ ထွက်ပြေးတိမ်းရှောင်သွားတာကို တွေ့ရှိရတာကြောင့် ယာဉ်အတွင်း စစ်ဆေးရာ တရားဝင်မှတ်ပုံတင်ထားရှိတဲ့ အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိတာကြောင့် ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရပါတယ်။
တာချီလိတ်မြို့မှာ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကို ယာဉ်လိုင်စင်အတု၊ နံပါတ်ပြားအတုတွေ တပ်ဆင်မောင်းနှင်ခြင်း ရှိ/ မရှိ၊ လိုင်စင်မဲ့ယာဉ်တွေပါရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးလျက်ရှိနေပြီး လိုင်စင်မဲ့ယာဉ်တွေ အသုံးပြုမောင်းနှင်သူတွေ တွေ့ရှိပါက ဖမ်းဆီးအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပညာပေးဟောပြောတာတွေ ဇွန်လ ပထမ အပတ်အတွင်း သက်ဆိုင်ရာက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သလို လက်ရှိအချိန်အထိ လိုင်စင်မဲ့ မော်တော်ကား သုံးစီး ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်းလည်း သက်ဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက MT News ကို ပြောပါတယ်။



