၁၂. ၆. ၂၀၂၅
Written by Nyein Kyaw
အွန်လိုင်းမှ ရွှေရောင်းဝယ်သူများ ငွေစုစာအုပ်ဖြင့် ရွှေရောင်းခြင်း၊ တာလီစနစ်ဖြင့် ရွှေရောင်းခြင်းနှင့် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းများ မပြုလုပ်ကြရန်နှင့် ဆောင်ရွက်သူများကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ရွှေဆိုင်လုပ်ငန်းတစ်ခုတွင် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလုပ်ငန်းလိုင်စင်၊ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်ရေးလုပ်ငန်း အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်နှင့် ကုန်စည်ထုတ်သူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူများအား ထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို လျှောက်ထားရန်လိုအပ်သည်။
အွန်လိုင်းလိုင်စင်လျှောက်ထားရာတွင် www.ecommerce.gov.mm website တွင် ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ပြီး အွန်လိုင်းများမှ ရွှေရောင်းဝယ်သူများ၊ ငွေစုစာအုပ်ဖြင့် ရွှေရောင်းခြင်း၊ တာလီစနစ်ဖြင့် ရွှေရောင်းခြင်းနှင့် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းများ မပြုလုပ်ကြရန် အသိပေးထားသည်။
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်အားဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းနှင့် လိုအပ်သည့်လိုင်စင်များလည်း လျှောက်ထားဆောင်ရွက်ပေးရန် အသိပေးထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ရွှေဆိုင်များနှင့် Online မှတစ်ဆင့် ရွှေရောင်းဝယ်သူများအားလုံး ရွှေဆိုင်နှင့်ပတ်သက်သည့် လိုင်စင်များကို မဖြစ်မနေ လျှောက်ထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
သက်ဆိုင်ရာဌာနများမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း YGE မှ ထုတ်ပြန်ထားသည်။
