
၁၀. ၆. ၂၀၂၅
Written by Tha Doe
ပြီးခဲ့တဲ့ UFC 316 မှာ ဖလိုင်းဝိတ်တန်း အဆင့် ၁၂ က ဘရူနိုဒါဆေးလ်ဗားကို အလဲထိုး အနိုင်ယူခဲ့တဲ့နောက် Joshua Van ဟာ နှစ်ရက်အတွင်း ထပ်မံကမ်းလှမ်းလာတဲ့ Short Notice ကို လက်ခံလိုက်တာကြောင့် UFC 317 မှာ UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိ အဆင့် (၁) Brandon Royval နဲ့ ထိုးသတ်ရတော့မှာဖြစ်ပါတယ်။
UFC ဟာ သူ့ရဲ့ UFC 317 ကို Las Vegas မှာ ဇွန်လ ၂၈ ရက်မှာ ထိုးသတ်ဖို့ စီစဥ်ထားတာဖြစ်ပြီး Van ဝင်ထိုးရမှာက အဲဒီပွဲမှာဖြစ်လို့ Van အဖို့ ပထမပွဲနဲ့ ၂၁ ရက်ပဲ ကွာပြီး ပြင်ဆင်ဖို့ ၁၈ ရက်ပဲ အချိန်ရတဲ့ Short Notice နဲ့ ဝင်ထိုးရမယ့် ပွဲပါ။
Short Notice နဲ့ Van က အသားကျနေပြီး ရှေ့က Short Notice နှစ်ပွဲမှာ နှစ်ပွဲစလုံး အနိုင်ရထားပေမဲ့ ဒီတစ်ခါ Short Notice က အလွန် ခက်ခဲမှာဖြစ်ပြီး ရင်ဆိုင်ရမယ့်သူက UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိအဆင့် (၁) Brandon Royval ဖြစ်နေတာကြောင့်ပါ။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က ဘရူနိုဒါဆေးဗားလ်ကို အနိုင်ရအပြီးမှာ Van က အဆင့် (၂) က Moreno ကို စိန်ခေါ်ခဲ့တယ်ဆိုပေမဲ့ အဲဒီပွဲက အချိန်ခြောက်လလောက် ပြင်ဆင်ချိန်ရပါတယ်။
အခု Van တွေ့ခွင့်ရတဲ့ Royval က Moreno ထက် အဆင့်မြင့်သလို ပြင်ဆင်ဖို့ အချိန်ကလည်း ၁၈ ရက်ပဲ ကျန်ပါတယ်။ ပိုဆိုးတာက Royval ဟာ ချန်ပီယံစိန်ခေါ်ခွင့်နဲ့အနီးဆုံးဖြစ်သလို ၁၇ ပွဲနိုင် ၇ ပွဲရှုံးမှတ်တမ်းနဲ့ Van ထက် အရပ် ၄ လက်မမြင့်၊ လက်သီး Reached က ၃ လက်မသာပြီး အသက်ကလည်း အရွယ်ကောင်း ၃၂ နှစ်သားပါ။ သူရှုံးထားတာကလည်း ဒီ ငါးနှစ်အတွင်းမှာ Moreno နဲ့ လက်ရှိ ချန်ပီယံ Pantoja ကိုသာဖြစ်ပြီး ကျန်တဲ့ပွဲအကုန် နိုင်ထားပါသေးတယ်။ ဒါ့အပြင် Moreno ကိုလည်း ပြန်နိုင်ထားပြီး ချန်ပီယံ Pantoja ကိုသာ သူမကျော်နိုင်ဖြစ်နေတာပါ။
ကံကောင်းတာတစ်ခုကတော့ Royval ဟာ ဦးခေါင်းနဲ့ အာရုံကြောထိခိုက်မှုဒဏ်ရာကို ကုသနေရလို့ ရှစ်လကျော် ပွဲဝေးနေတာပါ။ ဦးနှောက်နဲ့အာရုံကြောထိခိုက်ထားတဲ့ Royval ဟာ UFC ဖိုက်တာတွေထဲ လက်သီးချက်အမြန်ဆုံးနဲ့ အလဲထိုးပါဝါရှိတဲ့ Van ရဲ့ စက်လက်သီးတွေကို ခံနိုင်ရည်မရှိခဲ့ရင် ဒါက ပွဲအဖြေဖြစ်လာပါမယ်။
Royval နဲ့ Van ပွဲကို UFC ဘက်က တရားဝင်ကြေညာလိုက်တာကလည်း သူနဲ့တည်ပေးထားတဲ့ အဆင့် ၆ က Manel Kape က ခြေထောက်အရိုးကျိုးအက်သွားတဲ့ဒဏ်ရာကြောင့် ခွဲစိတ်ရမယ့်အခြေအနေထိ ဖြစ်တာကြောင့် နုတ်ထွက်သွားလို့ပါ။ ဘရူနိုဒါဆေးဗားလ်ကို နိုင်အပြီးမှာ Van ကို သဘောကျတယ်လို့ UFC ရဲ့ CEO ဒါနာ ဝှိုက် ထုတ်ပြောခဲ့အပြီး ဒီပွဲဖြစ်လာတာကလည်း ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်ချင်နေတဲ့ Van အဖို့ အကြီးမားဆုံး အခွင့်အရေးပါ။
ပထမပွဲနဲ့ ရက်ကပ်လို့ ပွဲပန်းတာ၊ ပြိုင်ဘက်က အတွေ့အကြုံနဲ့ ရုပ်ပိုင်းဆိုင်ရာသာတာ၊ အရည်အချင်းကလည်း သာနေတာလို့ ကိုယ်ခံပညာစိတ်ဝင်စားသူတိုင်းက သတ်မှတ်ထားပြီး မြန်မာနိုင်ငံက ဆရာကြီးတွေကသာ မတွေ့သင့်သေးဘူးဆိုနေကြပေမဲ့ Van ဟာ ဘရူနိုဒါဆေးဗားလ်ကို နိုင်တဲ့ပွဲမှာ ထိချက်မနာခဲ့ဘဲ နောက်ပွဲအတွက် နားစရာမလိုဘူးလို့ New Jersey State Athletic Control Board (SACB) က သတ်မှတ်ပေးခဲ့တာ၊ နှစ်နစ်အတွင်း အံ့မခန်းတိုးတက်လာတဲ့ လက်စွမ်းကြောင့် ဖလိုင်းဝိတ်တန်းရဲ့ အနာဂတ်ချန်ပီယံလို့ ကမ္ဘာ့ကိုယ်ခံပညာလောကထဲက သတ်မှတ်ထားတာကြောင့် ဘွတ်ကီတွေက သတ်မှတ်ကြေးမှာတောင် အဆင့် (၁) က Royval က အောက်ကြေးပေါက်နေပြီး Van က အပေါ်ကြေးပါ။
ပြီးခဲ့တဲ့ နှစ်ရက်စလုံး UFC ဘက်က အတည်မပြုသေးဘဲ ဖိုက်တာတွေဘက်ကသာ ငါတို့တွေ့နေပြီ၊ ဘာကောင်ဖြစ်ဖြစ် ထိုးမယ်လို့ ကြေညာနေတာဖြစ်ပြီး အခုအချိန်မှာတော့ UFC ဘက်က Van နဲ့ Royval ထိုးသတ်ကြမယ်လို့ အတည်ပြုခဲ့တာကြောင့် Van အဖို့ နိုင်သွားရင် ပန်တိုဂျာကို စိန်ခေါ်ပြီး ချန်ပီယံလုဖို့နဲ့ ရှုံးသွားရင်လည်း Ranking ထဲမှာပဲ ဆက်ရှိနေမှာဖြစ်လို့ အရှုံးမရှိပါဘူး။
Van ဟာ ဒီပွဲအတွက် သူကိုယ်တိုင်ကကို ထိုးသတ်နိုင်မယ်လို့ ယုံကြည်နေတာ၊ ဘွတ်ကီတွေကတောင် Van အနိုင်လို့သတ်မှတ်ပြီး အပေါ်ကြေး ပြန်ပေးထားတာမို့ မြန်မာနိုင်ငံက ဆရာကြီးတွေအဖို့လည်း မြန်မာ့အလံကို UFC စင်မြင့်ထက်ကတစ်ဆင့် ကမ္ဘာသိအောင်ကြိုးစားပြထားပြီး မိဘအတွက် အမေရိကန်မှာ ပင်ပန်းခက်ခဲတဲ့ ထိုးသတ်ပွဲအနိုင်ရငွေနဲ့ အိမ်ဝယ်ပေးထားနိုင်သူကို ဒီကာလမှာ မြန်မာ့အလံကို ချစ်ခင်လေးစားစွာ ပတ်ပြနေလို့ မျက်မုန်းကျိုးပြီး အနိုင်မရစေချင်တဲ့ စိတ်ယုတ်စိတ်ပုပ်တွေ ဘေးချထားပြီး ကမ္ဘာ့နံပါတ် (၁) တိုက်ခိုက်ရေး စင်မြင့်ထက်က ဖလိုက်ဝိတ်တန်းမှာ ကမ္ဘာ့ထိပ်တန်း အဆင့် (၁၀) ဖြစ်လာတဲ့ Van ကို သူ့နောက်မှာ တစ်နိုင်ငံလုံးရှိတယ်လို့ Van ယုံကြည်ချက်အတိုင်း တစ်နိုင်ငံလုံးရဲ့ မေတ္တာခွန်အားတွေကိုသာ Van နိုင်အောင် တောင်းဆုပြုကြပါလို့ ပြောရမှာပါ။