◾️ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန်လိုကြောင်းပါ ပြောကြား

၁၁. ၆. ၂၀၂၅
Written by Nyein Kyaw
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသ ရေဖူလုံစွာရရှိရေး၊ ပညာရေးကဏ္ဍမြင့်မားရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများ မရှိ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ရသဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်ကြရန် မှာကြားသည်။
အဆိုပါ ခရီးစဉ်အတွင်း ပြင်ဦးလွင်ဒေသရေဖူလုံရေးအတွက် ဆင်လမ်းရေလှောင်တမံအား အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် ရေပိုလွှဲနေရာ၌ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို SAC ဥက္ကဋ္ဌက လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်ပြီး ပညာသင်ကြားမှုအခြေအနေများနှင့် ကျောင်းစာကြည့်တိုက်များသို့ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး နိုင်ငံတော်အနေဖြင့် ပညာရေးးကို ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်လျက်ရှိပြီး သင်ကြားရေးဝန်ထမ်းများအတွက်လည်း ဝတ်စုံစရိတ်များ၊ အိမ်ငှားခများ၊ ထောက်ပံ့ကြေးများ၊ ပညာရပ်ပိုင်းဆိုင်ရာ ချီးမြှင့်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန်လိုကြောင်း၊ မိမိတို့တာဝန်ယူထားရသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့အရေးကို ကျေပွန်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြစေလိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။
ယင်းနောက် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး လက်ရှိအချိန်တွင် ပြင်ဦးလွင်ဒေသ၌ လာရောက်နေထိုင်သူ များပြားလာပြီး မြို့နေလူဦးရေတိုးပွားလာခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့သည် သမိုင်းကြောင်းစဉ်လာကြီးမားပြီး နာမည်ဂုဏ်ဒြပ်ကောင်းများနှင့် ပြည့်စုံသည့်မြိုဖြစ်၍ မိမိတို့အနေဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအတွင်း လာရောက်နေထိုင်သူ များပြားလာမှုနှင့်အတူ စည်းကမ်းစနစ်တကျရှိအောင် ကြပ်မတ်ဆောင်ရွက်သွားခြင်းဖြင့် စနစ်တကျရှိပြီး ဖွံ့ဖြိုးတိုးတက်သည့်မြို့ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။

မြေအသုံးချမှုနှင့် ပတ်သက်၍ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းနှင့် ပတ်သက်သည့် ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပြီး သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်များနှင့်အညီသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဥပဒေက သတ်မှတ်ပေးထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အချို့လမ်းနယ်များ၌ ကျူးကျော်၍ မြေအသုံးချမှုများရှိနေပြီး လမ်းမကြီးများဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများ မရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ရလျက်ရှိကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိကြရန်၊ လိုက်နာကြရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။