
၁၁. ၆. ၂၀၂၅
Translated by Tha Doe
ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်မှ ထင်ရှားကျော်ကြားသော နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဆရာဝန်နှင့် ရဲအရာရှိအမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ရန် အသုံးပြုသည့် မူးယစ်ဆေးဝါးများ တရားမဝင်ရောင်းဝယ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
လက်ရှိတွင် အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်သော “ဒေါက်တာအဲ – Dr. Air” ဟု လူသိများ ထင်ရှားသည့် ဒုရဲမှူးကြီး အန်ချူလီ သီရာဝေါင်ပိုင်ဆယ် အပါအဝင် လူခုနစ်ဦးကို မုဒိမ်းမှုကျူးလွန်ရာတွင် အသုံးပြုသော မူးယစ်ဆေးဝါး(Date Rape Drug) များ တရားမဝင်ရောင်းချမှုနှင့် ပတ်သက်၍ ယမန်နေ့ ဇွန်လ ၁၀ ရက်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

◾ ထိတ်လန့်ဖွယ် တွေ့ရှိချက်
စုံစမ်းစစ်ဆေးမှု၏ အစသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) အရာရှိများက ဆရာဝန်၏ ခွင့်ပြုချက်လိုအပ်သည့် အိပ်ဆေးတစ်မျိုးဖြစ်သော ဖလူနစ်ထရာဇီပမ်းကို ပုံမှန်မဟုတ်သော ဝယ်ယူမှုပုံစံများ တွေ့ရှိချိန်မှ စတင်ခဲ့သည်။ အဆိုပါဆေးဝါးသည် ထိန်းချုပ်ထားသော ဆေးဝါးအမျိုးအစားအဖြစ် သတ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုများတွင် သားကောင် (အမျိုးသမီး/အမျိုးသား)များကို မေ့မြောသွားအောင်ပြုလုပ်ရန် အသုံးပြုနိုင်သည်။
Dr. Air သည် ဘန်ကောက်ရှိ ဆေးခန်း ၁၂ ခု၏ အမည်များကို အသုံးပြု၍ ဆေးဝါးများကို တစ်ဦးတည်း များပြားစွာ ဝယ်ယူခဲ့ကြောင်းလည်း စစ်ဆေးအရေးယူသူ အာဏာပိုင်များက ဖော်ထုတ်ခဲ့သည်။
မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန (၁) ၏ ရဲဗိုလ်ချုပ် နိုပါဆစ် မစ်ထရာပက်ခ်ဒီးက “FDA က ဒီမမှန်မကန်မှုတွေကို ရဲတပ်ဖွဲ့ထံ တင်ပြတဲ့အခါ ကျွန်တော်တို့ စုံစမ်းစစ်ဆေးခဲ့တဲ့အခါ Dr.Air နဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ ဒီဆေးဝါးတွေကို လုံခြုံရေးတပ်ဆင်ထားတဲ့ သီးသန့်အခန်းတွေမှာ သိုလှောင်ထားပြီး မတူညီတဲ့ဒေသတွေက ကွန်ရက်အဖွဲ့ဝင်တွေကို ဖြန့်ဖြူးနေတာကို တွေ့ရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

◾ ကြီးမားသော ငွေကြေးလုပ်ငန်း
ရဲတပ်ဖွဲ့က စစ်ဆေးနိုင်ခဲ့သော မှတ်တမ်းများအရ Dr. Air ၏ ဆေးဝါးဝယ်ယူမှုများသည် သိသိသာသာ တိုးတက်လာသည်ကို ပြသနေပြီး ၂၀၂၂ ခုနစ်က ဘတ်ငွေ ၁ သန်းဖိုး၊ ၂၀၂၃ ခုနှစ်က ဘတ်ငွေ ၄ သန်းဖိုး၊ ၂၀၂၄ ခုနှစ်က ဘတ်ငွေ ၁၁ သန်းဖိုးနှင့် ၂၀၂၅ ခုနှစ်အတွင်း နှစ်ဝက်ကာလတွင်ပင် ဘတ်ငွေ ၇-၈ သန်းဖိုးခန့် ရှိနေပြီး အဆိုပါ ဝယ်ယူမှုများအတွက် သူမက ဆေးခန်း ၁၂ ခု၏ အမည်များကို အသုံးပြုထားသည်ကိုလည်း တွေ့ရှိရသည်။
ထို့အပြင် ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးမှုများအရ သူမ၏ လုပ်ငန်းနှင့် ချိတ်ဆက်ထားသော လည်ပတ်ငွေများမှာ ဘတ်ငွေ သန်း ၈၀ ခန့်ဖြင့် လည်ပတ်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

◾ သေဆုံးသူများ၏ အမည်များကို အသုံးပြုခြင်း
စုံစမ်းစစ်ဆေးမှုများထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုအဖြစ်လည်း Dr. Air သည် ၁၉၉၈ ခုနှစ်ကတည်းက သေဆုံးသူ ၃၇၀ ဦး၏ အမည်များကို အသုံးပြု၍ ဆေးခန်းများမှ ဆေးဝါးများ ရယူခဲ့ကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သနာကရစ် ဂျီတာရီရတ်က ထုတ်ဖော်ခဲ့သည်။
“ပြီးခဲ့တဲ့ နှစ်လအတွင်း ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုအရ ဒီအစီအစဉ်မှာ သေဆုံးသူ ၃၇၀ ဦးရဲ့ နာမည်တွေကို အသုံးပြုထားတာ တွေ့ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
◾ ခုနစ်ဦး ဖမ်းဆီးခံရ
ကနဦး ဖမ်းဝရမ်းများကို ဇွန်လ ၁၀ ရက်နေ့တွင် သံသယရှိသူ ငါးဦးအတွက် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့မှာ လုပ်ငန်းခေါင်းဆောင်နှင့် ဆေးဝါးဝယ်ယူသူ Dr. Air (ရဲမှူးကြီး အန်ချူလီ သီရာဝေါင်ပိုင်ဆယ်)၊ ဝမ်ထောင်လန်ဒေသ၌ မူးယစ်ဆေးဝါးသယ်ယူသူနှင့် ဖြန့်ဖြူးသူ ဒူရီယာလက်ပ် အပ်ချိုင်းနှင့် ဘန်ကောက်တွင် ဖြန့်ဖြူးနေသူများဖြစ်သည့် နတ်တပတ် သီရာချော့၊ ပါကွန် ချန်တပ်နှင့် အိုရာချွန် ချန်တာနမ်တို့ ဖြစ်သည်။
ထို့အပြင် သံသယရှိသူ နှစ်ဦးဖြစ်သည့် ဖက်ချာရာနှင့် ဖက်ချာရာမွန် တို့ကို နခွန်ပထုံပြည်နယ်တွင် ထိန်းချုပ်ထားသော မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုဖြင့် နောက်ပိုင်းတွင် ထပ်မံဖမ်းဆီးခဲ့သည်။
◾ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိ
အဆိုပါ စုံစမ်းဖော်ထုတ်သည့် စစ်ဆေးရေးလုပ်ငန်းစဥ်အတွင်း အာဏာပိုင်များသည် Alprazolam၊ Zolpidem tartrate၊ Flunitrazepam၊ Clonazepam နှင့် Clorazepate အပါအဝင် ထိန်းချုပ်ထားသော မူးယစ်ဆေးဝါးအမျိုးအစားပေါင်း ၁၇၀,၄၀၀ လုံးကို သိမ်းဆည်းရမိခဲ့သည်။
သံသယရှိသူအားလုံးသည် စီးပွားဖြစ်ရန်ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ထားသော မူးယစ်ဆေးဝါးများကို ခွင့်ပြုချက်မရှိဘဲ ဖြန့်ဖြူးရန် ပူးပေါင်းကြံစည်မှုနှင့် ဆေးဝါးနှင့်ပတ်သက်သော ပြစ်မှုကြီးများကျူးလွန်ရန် ပူးပေါင်းကြံစည်မှုတို့ဖြင့် တရားစွဲဆိုခံထားရသည်။
◾ ဂုဏ်သိက္ခာကျဆင်းခြင်း
Dr. Air သည် ရဲဆေးရုံတွင် ကလေးနှင့် ဆယ်ကျော်သက် စိတ်ကျန်းမာရေးကုသမှုကို အထူးပြုသည့် ထင်ရှားကျော်ကြားသော နာမည်ကျော် ရဲဆရာဝန်တစ်ဦးဖြစ်သည်။ Dr. Air သည် အမျိုးသားရဲတပ်ဖွဲ့ရုံး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ဆက်ဆံရေးကို ကိုင်တွယ်ကာ ရဲတပ်ဖွဲ့လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ ပြည်သူ့ထံ သတင်းအချက်အလက်များ ပေးခဲ့သူဖြစ်သည်။
သူမသည် The Air Clinic အမည်ဖြင့် အရေပြားရောဂါကု ဆေးခန်းတစ်ခုကိုလည်း ပိုင်ဆိုင်ပြီး ကျန်းမာရေးနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အကြံဉာဏ်များ ပေးခဲ့သည်။
သို့သော် သူမသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရှိရေးအတွက် ထိုင်းမိခင်များကို အမေရိကန်၌ မွေးဖွားရန် အငြင်းပွားဖွယ်ရာ အားပေးခဲ့သဖြင့် ယခင်ကပင် ဂုဏ်သိက္ခာ ထိခိုက်ခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်ကလည်း အမျိုးသမီးတစ်ဦးက အသရေဖျက်မှုဖြင့် တရားစွဲဆိုခံခဲ့ရဖူးသူဖြစ်သည်။

◾ တရားဝင် တုံ့ပြန်မှု
မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနသည် Dr. Air ကိုအစိုးရဝန်ဆောင်မှုမှ ထုတ်ပယ်ရန် ရဲတပ်ဖွဲ့၏ ဆေးရုံမှတစ်ဆင့် လုပ်ထုံးလုပ်နည်းများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အမျိုးသားရဲမင်းကြီး၏ နောက်ဆုံးခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆေးဘက်ဆိုင်ရာကောင်စီကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ရန် အကြံပြုထားသည်။
Dr. Air – ဒုရဲမှူးကြီး အန်ချူလီ သီရာဝေါင်သည် လက်ဝယ်ပိုင်ဆိုင်သည် တရားမဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုနှင့် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲခံရပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ရာချာဒါး ရာဇဝတ်တရားရုံးသို့ ရမန်ယူရန် ထိန်းသိမ်းရေးယာဉ်သို့ လိုက်ပါသွားသည်ကို တွေ့ရှိရပြီး ဤအမှုသည် ဆေးညွှန်းဖြင့်သာ ဝယ်ယူရသော ဆေးဝါးများ အလွဲသုံးစားပြုမှုနှင့် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု လုပ်ငန်းများအတွက် ဆေးဘက်ဆိုင်ရာ အာဏာကို အလွဲသုံးစားပြုမှုတို့နှင့် ပတ်သက်သော ပြည်သူတို့၏ စိုးရိမ်မှုများကို မီးမောင်းထိုးပြနေသည်။
Ref, Khaosod