၁၂. ၆. ၂၀၂၅
Written by Nyein Kyaw
သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် ၄ လုံးကို ထွေအုပ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်ဒဂုံ/မြောက်ဒဂုံမြို့နယ်တို့ရှိ ပြည်သူများအား မဲနှိုက်နေရာချထားပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် ၄ လုံးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် တိုက် ၁ လုံး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့မှ ပြည်သူများအတွက် တိုက် ၃ လုံးတို့ကို မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
မဲနိုက်ခွင့်ရရှိသူများစားရင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်မှ ၂၀ ရက်ထိ သက်ဆိုင်ရာဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အိမ်ခန်းများအား အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ရရှိသူနှင့် အိမ်ခန်းစာချုပ်ပါ နေထိုင်ခွင့်ရရှိသူမှအပ အခြားသူများနေထိုင်ခြင်း၊ အိမ်ခန်းအား ထပ်မံငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံပေးကမ်းခြင်းခြင်းများ မရှိကြောင်း အသိပေးထားသည်။
အဆိုပါ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ငှားရမ်းခွင့်ပြုထားသော အိမ်ခန်းကို ပြည်လည်သိမ်းယူမည့်အပြင် စည်းကမ်းဖောက်ဖျက်ကျူးလွန်သော မူလအိမ်ငှားဦးစီးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ထားမှုအရ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
